Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဂုံမင်းမြောင်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဂုံမင်းမြောင်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

အောက်တိုဘာ ၆ (သာယာဝတီ)
============

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်  အောက်တိုဘာလ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများ၏ ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်  ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ အာဏာဝါဒ တစ်နည်းအားဖြင့် အထက်မှဖိနှိပ်မှု လျော့ချနိုင်ရန်၊ မိမိတို့အစိုးရအနေဖြင့် ပြဿနာတစ်ရပ်ကို အတူစုပေါင်းပြီး လောကပါကတရားနှင့်အညီ မေတ္တာတရားကို အခြေခံပြီး ပညာဉာဏ်ဖြင့် ဖြေရှင်းဆောင်ရွက်တတ်သည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့အစိုးရနှင့်အတူ ဒီမိုကရေစီ၏ အနှစ်သာရကို နားလည်လက်ခံပြီး လိုက်ပါပြောင်းလဲကြမှသာ အနာဂတ်လူငယ်များအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အမွေပေးခဲ့နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဂုံမင်းမြောင်ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း အရှေ့ဘက်ရှိ အစိုးရပိုင်မြေအား ဧရိယာတိတိကျကျ နယ်နိမိတ်သတ်မှတ်ပေးရန်၊ ခလရ(၃၅)တပ်ဘေးရှိ စွန့်လွှတ်မြေဧရိယာ (၃၀၀)ဧက ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန်၊ အလယ်စုကျေးရွာလမ်းအား ကျောက်ချောလမ်းတိုးမြှင့်ဆောင်ရွက်ပေးရန်၊ ကံကလေးဆက်သွယ်ရေးလမ်းအား ဂဝံလမ်းခင်းပေးရန်၊ ဂုံမင်းမြောင်-ဒေါ်ဆိုင်ကျေးရွာ ဆက်သွယ်ထားသော မြေသားလ်းအား ဂဝံလမ်းခင်းပေးရန်၊ သဲဖြူကျေးလက်ဆေးပေးခန်းတွင် ကျန်းမာရေးမှူး တစ်ဦးခန့်ထားပေးရန်နှင့် အဆောက်အဦ၊ ဆေးဝါးအထောက်အပံ့ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်၊ ဂွေးချောင်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း အနောက်ခြမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသုံးပြုထိန်းသိမ်းထားသော စံပြ(၅)ဧကစိုက်ခင်းအား ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်ပေးရန်၊ မယ်ဇလီကုန်းကျေးရွာရှိ ကွင်းအမှတ်(၁၂၀၂)ရှိ အရှည်(၃၀၀)ပေအား ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန်၊ ကျွန်းငုတ်တိုကွင်းအတွင်းရှိ ဆည်မြောင်းရေတံခါးနှင့် လက်ရှိအသုံးပြုနေသော ရေသွယ်မြာင်းများပြုပြင်ဆောင်ရွက်ပေးရန်၊ သုံးဆယ် ဆည်ရေသောက်စနစ်ရှိ RMC DM2 နှင့် DO 5 တူးမြောင်းများ ပြန်လည်ဖော်ထုတ်ပေးရန်၊ အင်းရွာ-တောင်စု ကျေးရွာချင်းဆက်လမ်းအား ပြန်လည်ပြုပြင်ပေးရန်၊ ဂုံမင်းမြောင် အရှေ့စုကျေးရွာ ကျွန်းငုတ်တိုကွင်း ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန်၊ ကျွဲသတ်နှင့် သဲဖြူကျေးရွာအကြားရှိ Drop Structure ရေကျအဆောက်အအုံများ ပြင်ဆင်ပေးရန်၊ ရန်ကုန်-ပြည် ကားလမ်းဘေး ဝဲ/ယာတစ်လျောက် ရေမြောင်းများ ပြန်လည်ဖော်ထုတ်ပေးရန်၊ ဂုံမင်းမြောင် ဘုရားကြီးကျောင်း ရွာလယ်လမ်းနှင့် ကံကလေးကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်း အဆင့်မြှင့်တင် ဆောင်၇ွက်ပေးရန်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး သဲဖြူကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ရေစင်နှင့် အဆောက်အဦ ဆောက်လုပ်ရန် ထောက်ပံ့ငွေကျပ်(၁၅)သိန်းအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။