Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

အောက်တိုဘာ ၁၉ (ထန်းတပင်)
======================

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ (၁၉)ရက်နေ့၊ မွန်းလွဲ(၁:၃၀) နာရီအချိန်က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ၊ နှင်းယွန်းဇေတဝန် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇရပ်ကြီးကျေးရွာ နှင်းယွန်းဇေတဝန်ကျောင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျောင်းအတွင်းရှိ ရှေးဟောင်းရုပ်ပွားတော်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆင်စွယ်ဖြင့်ပြုလုပ်ထားသည့် ရှေးဟောင်းကမ္မဝါစာတို့ကို ကြည့်ရှု့လေ့လာခဲ့ကြသည်။
ထို့နောက် ဒေသခံများနှင့်တွေ့ဆုံပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့အစိတ်စိတ် အမွှာမွှာကွဲနေသာ လူအဖွဲ့အစည်းသည် ဘာသာစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲများကြောင့်သာဖြစ်ကြောင်း၊ ဒီလိုမတူကွဲပြားမှုတွေကို စုစည်းပြီး အားလုံးပါဝင်သော စုပေါင်းအင်အားဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေပဲ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘယ်အရာပဲဖြစ်ဖြစ် မေတ္တတရားထားပြီး အတ္တပရမျှတအောင် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ လူထုတွေ့ဆုံပွဲများသည် ပြည်သူများနှင့် အစိုးရကြား၊ ပြည်သူများနှင့် ဌာနဆိုင်ရာများကြား ကြုံတွေ့နေရသည့် အခက်အခဲများကို မိသားစုအသွင်အသဏ္ဍာန်ဖြင့် ပွင့်လင်းရိုးသားစွာ ပြောဆိုကြသည့် မိသားစုစကားဝိုင်းတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဇရပ်ကြီးကျေးရွားအား မြို့အဖြစ် အဆင့်မြှင့်တင်ပေးရန်၊ မီးသတ်အဆောက်အဦ တည်ဆောက်ပေးရန်၊ ကင်မွန်းခြုံကျေးရွာတွင် ဆေးပေးခန်းမြေနေရာရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊  (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံအား (၂၅)ကုတင်ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန်နှင့် လက်ရှိဆေးရုံအတွင်း ပျက်စီးနေမှုများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ဇရပ်ကြီးကျေးရွာဘုံမြေပေါ်ရှိ စာကြည့်တိုက်အဆောက်အဦအား ကျေးရွာပိုင်စာကြည့်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ပေးရန်၊ သမပိုင်မြေနေရာကို ကျေးလက်ဆေးပေးခန်း မြေနေရာအဖြစ် ထားရှိပေးရန်တို့တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ကင်းမွန်းချုံကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာအုပ်စု၊ ကျီတော်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။