Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

အောက်တိုဘာ ၃၁ (ရေတာရှည်)
=======================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၃၁)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးမှ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခဲ့မှုအခြေအနေ၊ ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအခြေအနေနှင့် အိမ်ရာတွင် ဝန်ထမ်းများထားရှိမည့် အခြေအနေများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ဘိုးတော်ကုန်းကျေးရွာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ မြို့နယ်အဆင့် ဦးစီးဌာနဝန်ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံး တည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်တွင် နောက်ထပ်လုံးနှင့် ဘဏ္ဍာနှစ်အလိုက် အိမ်ရာ(၆)လုံးပြည့်မီအောင် ဆက်လက်တည်ဆောက် ပေးသွားမည်ဖြစ်သည့်အပြင် အိမ်ရာနေဝန်ထမ်းများ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ လွယ်လင့်တကူဝယ်ယူနိုင်အတွက် Shop House တစ်ခုပါ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်ပြီးစီးသွားသည့် (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ (၂)လုံးအား တစ်လုံးလျှင် တိုင်းဒေသကြီး ဘတ်ဂျက်မှခွင့်ပြုငွေကျပ် (၃၁၂.၄၅၅)သန်းဖြင့် ရတီပြည့်လျှံကုမ္မဏီလီမိတက်နှင့် တော်ဝင်လင်းကုမ္မဏီလီမိတက်တို့မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။