Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရှမ်းတိုင်းရင်းသားများ၏ (၂၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်အခမ်းအနားသို့ တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရှမ်းတိုင်းရင်းသားများ၏ (၂၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်အခမ်းအနားသို့ တက်ရောက်

နိုဝင်ဘာ ၃၀ (တောင်ငူ)
==================

နိုဝင်ဘာလ(၃၀)ရက်နေ့  ညနေ(၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ဆိတ်ဖူးတောင်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးတို့ တက်ရောက်ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ၊ တောင်ငူမြို့နယ် စည်ပင်သာယာကော်မတီဥက္ကဌ ဦးအေးလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သဘာပတိများမှ အခမ်းအနား စင်မြင့်ထက်တွင်နေရာယူကာ သဘာပတိတစ်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းတို့က အမှာစကားအသီး ပြောကြားကာ ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသာ လူမျိုးများရေးရာဝန်ကြီးဒေါ်နော်ပွယ်စေးက ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့မှ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်အတွက် အလှူ ငွေကျပ်သိန်း(၅၀)နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းမှ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် လက်ဆောင်တို့အား ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဒေါ်နန်းကျင်ဦးနှင့် ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ တို့ထံ ထောက်ပံ့ပေးအပ်ကာ ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဒေါ်နန်းကျင်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ရှမ်းတိုင်းရင်းသားများက ရှမ်းရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
ရှမ်းလူမျိုးတို့၏ ပြက္ခဒိန်ပထမကို လိန်စိန်ဟုခေါ်ပြီး သျှမ်းလများ၏ (၁၂)လရှိသည့်အနက် ပထမလလည်းဖြစ်သည်။ ရှမ်းလူမျိုးတို့သည် မူလဇာတိတရုတ်ပြည်အတွင်း (BC-94)တွင် မူအန်မောဝ်တိုင်းပြည်ကို ထူထောင်ပြီး မိန်းဆည်ဘုရင်အုပ်ချုပ်စဉ်ကာလ၌ အနောက်မဇ္ဈိမဒေသမှ ဗုဒ္ဓသာသနာပြု ကြွရောက်တော်မူသော သောဏမထေရ်ရောက်ရှိလာပြီး မိန်းဆည်ဘုရင်၏ သားတော်အိမ်ရှေ့မင်းသားနှင့် နောက်ပါတပည့်လေးဦးတို့ အနော်အိန္ဒိယနိုင်ငံမှ ပိဋိကတ်ကျမ်းစားတော်များအား သွားရောက်ပင့်ဆောင်စေခဲ့သည်။
၎င်းတို့သည် သာသနာသက္ကရာဇ်(၄၅၀)၌ ပိဋိကတ်တော်များနှင့်အတူ ပြန်လည်ရောက်ရှိခဲ့သောကြောင့် မူလရှိပြီးသား ရှမ်းသက္ကရာဇ်ကိုဖြိုးခွင်းပြီး ဗုဒ္ဓသာသနာ ရှမ်းဒေသသို့ စတင်ရောက်ရှိသော နေ့မြတ်အား ရှမ်းနှစ်သစ် စတင်ရေတွက်ခဲ့ကြသည့် အချိန်မှစတင်ကာ ရှမ်းလူမျိုးတို့သည် နှစ်စဉ်နှစ်တိုင်း ရှမ်းနှစ်သစ်ကူးပွဲတော်အား ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်တွင် ဒေသအသီးသီးတွင် နေထိုင်ကြသည့် ရှမ်းမျိုးစုအားလုံး၏ နေထိုင်မှု၊ ရိုးရာဝတ်စား ဆင်ယင်မှုကိုပြသခြင်း၊ ရှမ်းရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေခြင်း၊ သမိုင်းဆက်စပ်မှုနှင့် ဓလေ့ထုံးတမ်းများကို ပေါ်လွင်စေခြင်း၊ စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေခြင်း၊ ကောင်းမှုကုသိုလ်အလှူဒါနပြုခြင်းတို့ဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ယခုရှမ်းနှစ်သစ်ကူး အခါသမယမှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် အထိမ်းအမှတ်ပွဲတော် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။