Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ်၊ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ်၊ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်

ဒီဇင်ဘာ ၁ (တောင်ငူ)

================

7ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁)ရက်နေ့  နံနက်(၈)နာရီအချိန်က တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏ၊ တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်လတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တောင်ငူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းထွန်းဦးက လျှပ်စစ်မီးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများအား အသိပေးပြောကြားကာ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးခင်မောင်လတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်၊ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလက်းရေးအတွက် NEP စီမံကိန်းထောက်ပံ့ငွေကျပ် (၄၉၈)သိန်းဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လမှစတင်၍ (ဝ.၅၇)မိုင်ရှိ (11KV)ဓာတ်အားလိုင်းနှင့် 11/0.4KV (100)KVA ထရန်စဖော်မာ၊ ဓာတ်အားခွဲရုံ(၁)ရုံတို့အား ဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၅၈)သိန်းဖြင့် ကျေးရွာအတွင်း (400KV) ဓာတ်အားလိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကျေးရွာအတွင်း နေထိုင်ကြသည့် မိသားစုများမှာ လျှပ်စစ်မီးအသုံးပြုနေပြီဖြစ်သည့်အပြင် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၉၇)ရွာ NEPစီမံကိန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျှက်ရှိရာ (၂၅)ရွာ ပြီးစီးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။