Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

ဒီဇင်ဘာ ၁ (တောင်ငူ)
=================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁)ရက်နေ့  နံနက်(၉)နာရီအချိန်က တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စု၊ နဂါးမောက်ကျေးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဓမ္မာရုံတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ရှိမြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ အကြပ်အတည်းနှင့် ကြုံတွေ့နေရပြီး တစ်နည်းအားဖြင့် ပြည်ပနိုင်ငံများ၏ တရားစွဲဆိုမှုများကိုလည်း ရင်ဆိုင်နေရကြောင်း၊ တရားစွဲဆိုမှုသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကို တရားစွဲဆိုခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို တရားစွဲဆိုခြင်းကြောင်း၊ ဒီအခြေအနေကို ဖြေရှင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် သံတမန်နည်းလမ်းအရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ကမ္ဘာကသိအောင် အရှိအတိုင်း၊ အမှန်အတိုင်း ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီနေရာမှာ အားလုံးစည်းလုံးညီညွတ်မှုဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုမရှိဘဲ အာဏာကိုမက်မောပြီး လက်နက်စွဲကိုင်ကာ စစ်ပွဲတွေဖန်တီးနေမယ်ဆိုရင်တော့ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ရနိုင်မည်မဟုတ်ကြောင်း၊ လူမှုပတ်ဝန်းကျင်အခြေခံဖြစ်သော ရပ်ကွက်/ကျေးရွာများမှတစ်ဆင့် ပြဿနာရပ်တိုင်းမှာ အမှန်တရားကိုအမှီပြု၊ မေတ္တာကိုအခြေခံပြီး မတူကွဲပြားမှုတွေကို နားလည်မှုရှိရှိ ပူးပေါင်းညှိနှိုင်း အဖြေရှာရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဂါးမောက်ကျေးရွာအုပ်စုအတွင်းရှိ နဂါးမောက်၊ ကျောက်ပုထိုး၊ ထုံးဘို၊ ကျောက်ပါးစပ်၊ ရေအိုးစဉ်၊ရှမ်းပြုံးချောင်းစသည့်ကျေးရွာများမှ ဒေသခံပြည်သူများက ပုံစံ(၇)ရရှိရေးနှင့် သောက်သုံးရေကန်တူးဖော်ပေးနိုင်ရေး၊ ကျေးလက်ဆေးပေးခန်းအား မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောက်လုပ်ခွင့်ရရှိရေး၊ အလကမှ အထက(ခွဲ) အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ရွှေစွမ်းအင်ကုမ္ပဏီမှ သိမ်းဆည်းမြေယာများအတွက် လျော်ကြေးငွေရရှိနိုင်ရေး၊ ကျောက်ပုထိုး-ထုံးဘိုကျေးရွာချင်းဆက်တံတား တည်ဆောက်ပေးနိုင်ရေး၊ ကျောက်ပုထိုး-ဒိုးသောင် ကျေးလက်လမ်းခင်းပေးရန်၊ ကျေးလက်ရေရရှိရေး၊ ကျောက်ပါးစပ်ကျေးရွာ ပြည်ထဲရေးအမည်ပေါက်ရရှိရေး၊ ထုံးဘိုကျေးရွာ တိုးချဲ့ကျေးရွာမြေလိုအပ်မှုနှင့် စာသင်ကျောင်းဆောင်လိုအပ်ချက် ရရှိရေး၊ ရေအိုးစင်ကျေးရွာ လမ်းခင်းပေးရန်နှင့် စာသင်ကျောင်းဆောင် လိုအပ်ချက် ဖြည့်ပေးရန်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။