Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝေါမြို့နယ်အတွင်း စက်မှုဥယျာဉ်မြို့တော် တည်ဆောက်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြ

ဝေါမြို့နယ်အတွင်း စက်မှုဥယျာဉ်မြို့တော် တည်ဆောက်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြ

စက်တင်ဘာ ၁၉ (ပဲခူး)
=========================

စက်တင်ဘာလ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဝေါမြို့နယ်အတွင်း စက်မှုဥယျာဉ်မြို့တော် တည်ဆောက်နိုင်ရေး IME Property Co., Ltd မှ ဒါရိုက်တာ ဦးဇော်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ  IME Property Co., Ltd ဒါရိုက်တာ ဦးဇော်မြင့်ထူးက ဝေါမြို့နယ်ဧရိယာအတွင်း ယာဉ်ရပ်နားစခန်း၊ စီးပွားရေးဇုန်၊ စက်မှုဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်၊ ဝန်ထမ်းအိမ်ရာ၊ အဆင့်မြင့်အိမ်ရာများ လျာထားဆောင်ရွက်သွားမည့် စီမံကိန်းဆိုင်ရာအချက်လက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ပနိုင်ငံခြားသားများကိုယ်တိုင် ပဲခူးတိုင်းဒေသကြီးသို့ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသလို ပြည်တွင်းလုပ်ငန်းရှင်များမှလည်း ဆောင်ရွက်ရန် လာရောက်ကမ်းလှမ်းမှုများရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့တွင် စက်မှုဇုန်၊ မြို့ပြအိမ်ရာစသည့် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် စီမံချက်အသေးစိတ်ကို သက်ဆိုင်ရာကော်မတီများမှ ကွင်းဆင်းစစ်ဆေးခြင်း၊ နောင်အနာဂတ်အတွက် လိုအပ်သည့် လမ်းဧရိယာများ ချန်လှပ်ခြင်း၊ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်အနေဖြင့် မြေယာနှင့်ပတ်သက်၍ အခြားနည်းအသုံးပြုခွင့်ရရှိရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား  ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊  IME Property Co., Ltd မှ ဒါရိုက်တာ ဦးဇော်မြင့်ထူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။