Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၁၇ (ပဲခူး)
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ၂၀၁၉ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့ မဟာစေတီကန်ကျောင်း ပဓာနနာယဆရာတော် ဘဒ္ဒန္တဥက္ကံသထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ရွှေတံဆိပ်ဆုရှင် တေးသံရှင် ဝင်းလဲ့ချယ်ရီမှ ဂုဏထုထိတေးထပ်ရတုပိုဒ်စုံတို့ဖြင့် ဘွဲ့ရဆရာတော်ကြီးများအား သီကျူးပူဇော်သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဌာနဆိုင်ရာများက ဘွဲ့ရဆရာတော်ကြီးများအား ဘွဲ့တံဆိပ် အဆောင်အယောင်များနှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာလေးအား ဝန်ကြီးချုပ်၏ ဇနီးဒေါ်စန်းစန်းမော်က ဘွဲ့တံဆိပ် အဆောင်အယောင်များနှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း ဆက်ကပ်လှူဒါန်းကြကာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့ ကျိုက်ပွန်စေတဝန် ကမ္မဌာန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။
ဆက်လက်၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး အကြည်ညိုခံ ဂိုဏ်းပေါင်းစုံမှဆရာတော်၊ သံဃာတော်များ၊ ဘွဲ့ရဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိမှုအနေဖြင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့(၃)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့(၁)ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့(၂)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့(၄)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့(၁)ပါး၊ ဂန္ထဝါစပဏ္ဍိတဘွဲ့ဆရာတော်(၃)ပါးနှင့် သီလရှင်(၁)ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့(၁)ပါး၊ ကမ္မဌာနာစရိယဘွဲ့(၂)၊ မဟာကမ္မဌာနာစရိယဘွဲ့(၁)ပါး စုစုပေါင်းရဟန်း(၁၉)ပါးနှင့် သီလရှင်(၁)ပါးရရှိကြောင်း သတင်းရရှိသည်။