Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IFC မှ ကူညီပံ့ပိုးပေးရန် လာရောက်ဆွေးနွေး

သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IFC မှ ကူညီပံ့ပိုးပေးရန် လာရောက်ဆွေးနွေး

ဇန်နဝါရီ ၁၆ (ပဲခူး)
===============

ဇန်နဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် International Finance Corporation (IFC) မှ Senior Private Sector Specialist , Mr. Martin Albani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Mr. Martin Albani က မိမိတို့အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးမှစတင်ပြီး စျေးသို့ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးရခြင်း၊ နည်းပညာနှင့် ရန်ပုံငွေ ထောက်ပံ့ပေးခြင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးချင်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ၌ အထူးအလေးပေး ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အဆွေတော်တို့အနေဖြင့် နည်းပညာနှင့် ရန်ပုံငွေ ထောက်ပံ့ကူညီပေးရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်မည်ကို သိရှိရ၍ ကြိုဆိုပါကြောင်း၊ ပထမအဆင့် Pilot Project အနေဖြင့် ဒိုက်ဦးမြို့နှင့် ဘုရားကြီးမြို့တို့ရှိ ဝက်မွေးမြူရေးစခန်းများတွင် စတင်ရန် ပိုမိုအဆင်ပြေနိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ International Finance Corporation (IFC) မှ Senior Private Sector Specialist , Mr. Martin Albani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။