Home / ကုသရေးဦးစီးဌာန / သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဇွန် ၂၅ (ပဲခူး)
====================================

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ၂၀၁၇ခုနှစ် သွေးလွန်တုပ်ကွေးနှိမ်နင်းရေး အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအတွင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှေ့အလားအလာနှင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ နေပြည်တော်ဗဟို ငှက်ဖျားတိုက်ဖျက်ရေးမှ ဒုတိယညွှန်ကြားရေးမှုး (သွေးလွန်တုပ်ကွေး/ ဆင်ခြေထောက်) ဒေါက်တာဇော်လင်းမှ ရှင်းလင်းဆွေးနွေး တင်ပြသည်။
ထို့နောက် ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးသိုက်က သွေးလွန်တုပ်ကွေးရောဂါ ကုသခြင်းအကြောင်း ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာကြသော ဗဟိုနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ပဲခူးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများမှ အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။
ပဲခူးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာဖြစ်ပွားမှုအနေဖြင့် (၂၀၀၅/၂၀၀၉/၂၀၁၃/၂၀၁၅) ခုနှစ်များတွင်ဖြစ်ပွားခဲ့ရာ ၂၀၁၅ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ဇွန်လ(၁၇)ရက်နေ့အထိ (၆၄၈)ဦးရှိကြောင်း၊ တစ်နှစ်လုံးအနေဖြင့် (၃၂၂၇)ဦး ရှိပြီး၊ (၁၃)ဦးသေဆုံးခဲ့ကြောင်း၊ ယခု၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၇)ရက်နေ့အထိ ဖြစ်ပွားသူ(၅၅၂)ဦးရှိပြီး (၄)ဦး သေဆုံးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းနှင့် အနောက်ခြမ်း နှိုင်းယှဉ်လျှင် အရှေ့ခြမ်းမှာ ဖြစ်ပွားမှုများပြားနေကြောင်း၊ ပဲခူးတိုင်းဒေသကြီး (ရပကန)လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင့်ဖြိုးသန်းမှ ပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခြင်းမှ တစ်ဆင့်လျင်မြန်စွာကူးစက်နိုင်သည့် ဗိုင်းရပ်(စ်)ကြောင့် ဖြစ်သောရောဂါဖြစ်ပြီး ကပ်ရောဂါအသွင် ကူးစက်ဖြစ်ပွားတတ်ကြောင်း၊ အသက်အရွယ်မရွေးဖြစ်ပွားပြီး ကလေးသူငယ်များတွင် အဓိကဖြစ်ပွာကြောင်း၊ ယခင်က မိုးရာသီမှာသာဖြစ်ပွားလေ့ရှိပြီး ယခုအခါတစ်နှစ်ပတ်လုံး ဖြစ်ပွားကာ ဇွန်၊ ဇူလှိုင်နှင့် သြဂုတ်လများတွင် အများဆုံးဖြစ်ပွားကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီးသည် ယခင်ကအဆင့်(၈)သာရှိပြီး ယခုအခါအဆင့်(၆)ထိ ဖြစ်သွားပြီဖြစ်ကြောင်း၊ ယခင်က အသက်(၁၆)နှစ်အောက် ကလေးများသာဖြစ်ပွားသော်လည်း ယခု အသက်(၄၀)အောက် လူကြီးများအထိ ရောဂါဖြစ်ပွားနေကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး၊ ကုသဆေး တိတိကျကျမရှိသေးကြောင်း၊ ထို့ကြောင့် ရောဂါကြိုတင်ကာကွယ်ရေးသည် အလွန်အရေးကြီးကြောင်း ဒေါက်တာဇော်လင်းမှ ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ရောဂါပိုးသယ်ဆောင်လာသော ခြင်မပေါက်ပွားအောင် ပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခြင်းလုပ်ငန်းအား ပြည်သူလူထုတစ်လုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်စေခြင်း၊ အပါတ်စဉ် လူထုလှုပ်ရှားအသွင် ခြင်နှင့် ပိုးလောက်လန်း နှိမ်နင်းခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ စေတနာ့ဝန်ထမ်းများ၊ တက်ကြွသော လူငယ်များအား ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းများအတွက် သီးသန့်တာဝန်ပေးခြင်း၊ ပိုးလောက်လန်းသတ်ဆေး အဘိတ်ခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားမှုနှင့် လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပို့ အစီရင်ခံခြင်းများ ပြုလုပ်ကြရန် လိုအပ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၁၇ခုနှစ်၊ မေလမှစတင်၍ သွေးလွန်တုပ်ကွေးလူနာများ တစ်စတစ်စ များပြားလာခြင်းကြောင့် ဇွန်လနှင့် ဇူလှိုင်များတွင် ပိုမိုများပြားမလာစေရန် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝရရှိစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။