Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဟံသာဝတီလေဆိပ် တည်ဆောက်ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီအလိုက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် ဝန်ကြီးချုပ်ညွှန်ကြား

ဟံသာဝတီလေဆိပ် တည်ဆောက်ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီအလိုက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် ဝန်ကြီးချုပ်ညွှန်ကြား

အောက်တိုဘာ ၂၉ (ပဲခူး)
===================

အောက်တိုဘာလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း သည် နိုင်ငံတော်အဆင့်စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီး၌ ကော်မတီ(၃)ရပ် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ယခု ပွင့်လင်းရာသီ၌ လေဆိပ်ကျူးကျော်များ လျော်ကြေးပေးခြင်း၊ လေယာဉ်ကွင်းပတ်လမ်း ပေ(၁၀၀)အကျယ် ဖောက်လုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိကြောင်း၊ ဒါကြောင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဥပဒေနှင့် အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ကျူးကျော်စာရင်း ကောက်ယူခြင်း၊ ကျူးကျော်စိုက်ပျိုးထားခြင်းနှင့် လျော်ကြေးပေးလျော်ရမည့် စာရင်းများအား လျော်ကြေးငွေပေးလျော်ရေးကော်မတီသို့ တင်ပြထားပြီးဖြစ်ကြောင်းကို လည်းကောင်း၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက လေဆိပ် တည်ဆောက်ရေးကာလ အဝင်လမ်းများအတွက် လမ်းဦးစီးဌာနမှ တွက်ချက်၍ ဘတ်ဂျက် တင်ပြတောင်းခံသွားမည့် အခြေအနေကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း က ကော်မတီအလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် အခြေအနေ၊ လေကြောင်းဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် လေကြောင်းဦးစီးဌာန(ရန်ကုန်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပထမတင်ဒါအောင်သည့် ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု နောက်ဆုတ်သွားပြီဖြစ်၍ ယခုအခါ ဂျပန်ကုမ္ပဏီတစ်ခုမှ ချေးငွေရရန် သဘောတူညီထားပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ချေးငွေပေးမည့် ဂျပန်ကုမ္ပဏီမှ ရှေးပြေးမြေပြင်ကွင်းဆင်းဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ပဲခူးမြို့နယ်အတွင်း မြေဧရိယာ(၉၆၉၀.၄)ဧက၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျူးကျော်များ စာရင်းကောက်ယူခြင်း၊ နစ်နာကြေးလျော်ကြေးပေးလျော်ခြင်းနှင့် ပြန်လည်နေရာချထားခြင်း စသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စာရင်းကောက်ယူရာတွင် အဆင့်(၃)ဆင့် သတ်မှတ်ကောက်ခံခဲ့ရာ (A)အဆင့်တွင် ဘုန်းတော်ကြီးကျောင်း(၉)ကျောင်း၊ (B)အဆင့်တွင် အခိုင်အမာ လူနေအိမ်(၃၆၄)လုံး၊ ယာယီတဲ(၃၆၁)လုံး စုစုပေါင်း(၇၃၄)လုံးဖြစ်ပြီး၊ နှစ်ရှည်အခြားသီးနှံ စိုက်ပျိုးသူ(၅၃၃)ဦးနှင့် လေဆိပ်ပတ်လမ်း (၁၀၀)ပေအတွင်း ပါဝင်သွားသည့် နှစ်ရှည်အခြားသီးနှံများအတွက် အမြန်ဆုံး သီနှံလျော်ကြေး ပေးလျော်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။