Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အခြေခံပညာရေးစနစ် စတင်ပြောင်းလဲနေပြီဖြစ်၍ လူကြီးများကိုယ်တိုင်လည်း လိုက်ပါပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

အခြေခံပညာရေးစနစ် စတင်ပြောင်းလဲနေပြီဖြစ်၍ လူကြီးများကိုယ်တိုင်လည်း လိုက်ပါပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

အောက်တိုဘာ ၅ (နတ်တလင်း)
=================

အောက်တိုဘာလ(၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နတ်တလင်းမြို့နယ်၊ဒမငယ်ကျေးရွာ၊  သစ်ချို(မျိုးသန့်ခြံ) ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခု စနစ်တကျ ဖြစ်ပေါ်လာရန် ပညာရေစနစ် ကောင်းမွန်မှသာ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း၊ ပညာစနစ်ကိုလည်း ယခင်က အလွတ်ကျက် အသေမှတ်စနစ်မှ အဖြေတစ်ခုကို ပူးပေါင်းဆွေးနွေး အဖြေထုတ်တတ်သည့် တစ်နည်းအားဖြင့် အတွေးအခေါ်ကို အခြေပြုသည့် ပညာရေးစနစ်အဖြစ်တစ်ခုဖြစ်ရန် စတင်ကြိုးစား သင်ကြားပေးလျက်ရှိကြောင်း၊ ဒီနေရာမှာ ကလေးငယ်များကို စတင်ပြောင်းလဲပေးနေသလို လူကြီးများကိုယ်တိုင်ကလည်း ခေတ်ကာလနှင့်အညီ လူနေမှုပုံစံ၊ အတွေးအခေါ် အယူအဆပုံစံများကို ဒီမိုကရေစီစနစ်နှင့်ကိုက်ညီစွာ ပြုပြင်ပြောင်းလဲကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှသာ အနာဂတ်အတွက် လုံခြုံအေးချမ်းသော နေပျော်ဖွယ်ကောင်းသော လူယဉ်ကျေးမှု အသိုက်အဝန်းတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီအနေရာများ အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဆောင်ရွက်နေသည့် လမ်းစဉ်များ၊ ပြုပြင်ပြောင်းလဲရေးများ၊ ချည်းကပ်ရမည့် နည်းလမ်းများကိုလည်း သိရှိနားလည်သဘောပေါက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရ၏ မူဝါဒလမ်းစဉ်များ၊ လွှတ်တော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သိရှိနိုင်စေရန်အတွက် လူထုတွေ့ဆုံပွဲများမှတစ်ဆင့် ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက  သိမ်းဆည်းမြေယာကိစ္စရပ်များ၊ ကျေးလက်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးရန်၊ စာသင်ကျောင်းဆာင်များ တိုးချဲ့ပြုပြင်ပေးရန်၊ ကျေးလက်ကျန်းမာရေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အစိုးရမှကူညီပံ့ပေးရမည့် ကိစ္စရပ်များ၊ ရေလွှဲမြောင်းများ အဆင့်မြှင့်တင်ပေးရန်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲ့သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားများ၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။