Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အစိုးရနှင့် ဝန်ထမ်းအဖွဲ့အစည်းသည် ပြည်သူများအား ဝန်ဆောင်မှုပေးရန် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

အစိုးရနှင့် ဝန်ထမ်းအဖွဲ့အစည်းသည် ပြည်သူများအား ဝန်ဆောင်မှုပေးရန် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

ဇန်နဝါရီ ၂၅ (ပေါက်ခေါင်း)
==============

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၅)ရက်နေ့၊ မွန်းလွဲ(၂:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ၊ စန္ဒိမာလဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် ပညာရေးစနစ်၊ သင်ကြားရေးစနစ် အားနည်းချက်များကြောင့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာတတ်သည့် လမ်းကြောင်းများ၊ အသိတရားများ ပျောက်ဆုံးခဲ့ကြောင်း၊ ယခင်အချိန်အခါတုန်းက ပြည်သူများအနေဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး မိမိတို့၏ လိုအပ်ချက်များ၊ မတရားမှုများ တင်ပြရန်အတွက် မသိစိတ်တွင်ရှိသော အကြောက်တရားတစ်ခုကြောင့် ငြိမ်ခံခဲ့ရကြောင်း၊ ယနေ့ဒီအချိန်အခါသည် အကြောက်တရားကင်းရှင်းပြီး အမှန်တရားဘက်က ရပ်တည်၍ ပြောရဲ၊ ဆိုရဲ လူပတ်ဝန်းကျင်တစ်ခုကို ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး တစ်နည်းအားဖြင့် လူ့တစ်ဦးချင်းစီ၏ အခွင့်အရေးကို ဥပဒေအရ အကာအကွယ်ပေးနိုင်သော လူ့အသိုက်အဝန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ အစိုးရနှင့် ဝန်ထမ်းအဖွဲ့အစည်းသည် မိဘပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရန် ခန့်ထားခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက သစ်တောဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ လယ်ယာမြေဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေများများနှင့် ပြစ်မှုပြစ်ဒဏ် သိကောင်းစရာများကိုလည်းကောင်း အသီးသီးတို့မှ ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပေါက်ခေါင်းမြို့ရှိ ဓါတ်အားခွဲရုံမှ တောင်လည်ကျေးရွာအုပ်စုအထိ (၁၄)မိုင်အား (11) KV လိုင်းတပ်ဆင်ပေးနိုင်ရန်နှင့် (11/0.4) KV, (200)KVA ခွဲရုံ (၂)ရုံ တည်ဆောက်ပေးနိုင်ရန်၊ ချောင်းကျိုးကျေးရွာရှိ အိမ်ခြေ(၁၄၉)အိမ်အား ဆိုလာမီးရရှိရေး ဆောင်ရွက်ပေးရန်၊ အိုးတင်းကုန်းကျေးရွာ အမက(မူလွန်) ပေ(၆၀×၃၀)ပေ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်၊ ပြည်-တောင်ငူလမ်းမကြီးမှ ပျားဆိုးကျေးရွာသို့ ဆက်သွယ်သော မြေသားလမ်း(၁)မိုင်အား ကျောက်ချောလမ်းခင်းပေးရန် စသည်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။