Home / ပဲခူးမြို့နယ် / အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား ဘတ်ဂျက်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား ဘတ်ဂျက်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဇွန် ၂၁ (ပဲခူး)

==================================================

          ဇွန်လ(၂၁)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား ဘတ်ဂျက်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ နည်းပညာများ၊ ဘတ်ဂျက်ရေးဆွဲရာ တွင် ပါဝင်ရမည့်ကဏ္ဍအသီးသီးမှ စီမံကိန်းခေါင်းစဉ်များ၊ ဦးစားပေးလုပ်ငန်းစီမံကိန်းများ၊ ဘတ်ဂျက်စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ အစိုးရနှင့် လွှတ်တော်ကြား ပွင့်လင်းမြင်သာမှုရှိစေရန်၊ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ထိန်းကျောင်းသွားနိုင်ရန်အတွက် The Asia Foundation မှ ယခုလို လာရောက်ဆွေးနွေး ရှင်းလင်းတင်ပြပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် The Asia Foundation မှ Dr.Matthew Arenold က ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပညာရပ်ပိုင်းဆိုင်ရာကိစ္စ ရပ်များနှင့် အစိုးရအဖွဲ့၏ ဦးစားပေးကဏ္ဍများကို ဦးတည်ဖော်ထုတ်နိုင်ရေး အားလည်းကောင်း၊ Mr. Ildrim က ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ လေ့လာသုံးသပ်ချက်များ၊ ဘတ်ဂျက်ဆိုင်ရာ မူဝါဒရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်၊ ဆင်းရဲနွမ်းပါးမှုကို လျော့ချရန်၊ ပို၍ကောင်းမွန်သည့် ဝန်ဆောင်မှုပံ့ပိုးပေးနိုင်ရန်စသည့် အချက်အလက်များကိုလည်းကောင်း၊ ဦးစိန်ဌေးက ဘတ်ဂျက်စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ဦးစားပေးကဏ္ဍများ ရွေးချယ်ခြင်းနှင့် မူဝါဒများ ချမှတ်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် စိုက်ပျိုးရေး/မွေးမြူရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကဏ္ဍ (အသေးစား၊အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး)၊ လယ်ယာမြေ၊ သစ်တော၊ ရေသယံဇာတနှင့် အခြားသဘာဝသယံဇာတများစီမံခန့်ခွဲမှု၊ လျှပ်စစ်ဓာတ်အားပိုမိုရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးလက်၊ မြို့ပြဖွံ့ဖြိုးရေး၊ အခွန်၊ အကောက် တိုးမြှင့်ရရှိရေး၊ ဒေသတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များ တိုးတက်မြင့်မားရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး၊ မိတ်ဖက်ပါဝင်သူများ (Stakeholder)ပါဝင်ပူးပေါင်း ဆောင်ရွက်မှု တိုးတက်မြင့်မားရေး၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အထူးစီးပွားရေးဇုန်များ ပေါ်ထွန်းလာရေး စသည့်အချက်(၁၂)ချက် အား အုပ်စု(၄)စုခွဲ၍ ဆွေးနွေးကြသည်။

          အစည်းအဝေးသို့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်  သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ The Asia Foundation မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။