Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အတ္တကိုလျော့ချပြီး ပရစိတ်ဓါတ်များ မြင့်တက်လာအောင် ဆောင်ရွက်နိုင်မှ မေတ္တာတရားကိုအခြေခံတဲ့ လူသားဝါဒကို တန်ဖိုးထားသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

အတ္တကိုလျော့ချပြီး ပရစိတ်ဓါတ်များ မြင့်တက်လာအောင် ဆောင်ရွက်နိုင်မှ မေတ္တာတရားကိုအခြေခံတဲ့ လူသားဝါဒကို တန်ဖိုးထားသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

မေ ၈ (ပဲခူး)
=================================

မေလ(၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ ရွာသစ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအတွက် အောက်ခြေအဆင့်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများအား အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူများပူးပေါင်း၍ လူထုတွေ့ဆုံပွဲများတွင် ဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အရ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အာဏာကို အသုံးပြုပြီး နိုင်ငံရေးကို ဆောင်ရွက်ပါက လူမှုရေး၊ စီးပွားရေးတို့ ခေတ်အဆက်ဆက် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ လူမှုပတ်ဝန်းကျင်တွင် အကြောက်တရား ကြီးစိုးခဲ့ပြီး အာဏာဖြင့် အုပ်ချုပ်ခဲ့သည့်စနစ်၏ အခြေခံသည် ပညာရေးစနစ်ဖြစ်ကြောင်း၊ ယခုအခါ ပညာရေးစနစ်အား ဒီမိုကရေစီ လူယဉ်ကျေးမှုတစ်ရပ်အဖြစ် ပေါ်လာနိုင်ရေး ပြုပြင်ပြောင်းလဲရေးများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမြဲမှာကြားလမ်းညွှန်ခဲ့သည့် မေတ္တာတရားဖြင့် အုပ်ချုပ်ခြင်း၊ မေတ္တာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အတ္တကိုလျော့ချပြီး ပရစိတ်ဓါတ်များ မြင့်တက်လာအောင် ဆောင်ရွက်နိုင်မှ မေတ္တာတရားကိုအခြေခံတဲ့ လူသားဝါဒကို တန်ဖိုးထားသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိမ်းဆည်းမြေယာကိစ္စရပ်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိနိုင်ရေး ကိစ္စရပ်များ၊ ကျေးရွာချင်းဆက်လမ်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ သောက်သုံးရေ ရရှိနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တင်ပြခဲ့ရာ ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။