Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပဲခူးမြို့တွင်ကျင်းပ

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပဲခူးမြို့တွင်ကျင်းပ

ဒီဇင်ဘာ ၁၀ (ပဲခူး)

=============

ပဲခူးမြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ(၁၀)ရက်နေ့  မွန်းလွဲ(၁)နာရီအချိန်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကပေးပို့သည့် သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းကဖတ်ကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံသဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက်UNDP မှ ရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip အားပြသပြီး ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံပညာမူလတန်း အလယ်တန်းအဆင့် ဆုရကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကာ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တေးသရုပ်၊ ကဗျာသရုပ်ဖော်၊ စာစီစာကုံး၊ ဆောင်းပါး၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲများတွင် ပါဝင်ဖျော်ဖြေတင်ဆက်သူများနှင့် ဆုရရှိသူများအား ဆုရရှိသူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်းဗင်းရှင်းကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်နိုင်ရန် ၂၀၁၇ခုနှစ်တွင် ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းခန့်အပ်ခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြန်ထွန်းရေး၊ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာရေး၊ နိုင်ငံပိုင်ပစ္စည်းများနှင့်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိရေး၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးတို့အတွက် ၂၀၁၈ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဌာန်းခဲ့ပြီး ယခုအခါဥပဒေမူဘောင် ပိုမိုခိုင်မာတောင့်တင်းလာသည့် အားလျော်စွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လွတ်လပ်စွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ရရှိပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တံစိုးလက်ဆောင်ယူခြင်း၊ ပေးခြင်းတို့သာမက နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှု ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းတို့ကို လျော့ကျစေရန်အတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာလ (၃၀)ရက်နေ့အထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသည့် တိုင်ကြားစာများအနေဖြင့် လက်ခံရရှိသည့် တိုင်ကြားစာ(၈၇၈၂)စောင်ရှိပြီး ကော်မရှင်မှ စိစစ်အရေးယူဆောင်ရွက်ပြီးစီးမှု (၈၀၇၆)စောင်၊ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ(၆၆)စောင်၊ ကြိုတင်ထောက်လှမ်း စုံစမ်းခြင်း(၂၅၂)စောင်၊ ဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ(၁၁၁၉)စောင်၊ ဥပဒေနှင့် သက်ဆိုင်မှုမရှိသော်လည်း တိုင်ကြားသူထံ အကြံပြုချက် ဖော်ပြ၍ ပြန်ကြားစာ(၄၃၀၃)စောင်၊ ဥပဒေနှင့်အကျုံးဝင် သက်ဆိုင်ခြင်းမရှိသည့် တိုင်ကြားစာ(၂၃၃၆)စောင်၊ အကြိမ်ကြိမ်တိုင်ကြားသော်လည်း အရေးကြီးသော သက်သေခံချက်မပါရှိခြင်း(၈၅၃)စောင်၊ ပစ်စာ(၁၁၂)စောင်၊ မိတ္တုပေးပို့ခြင်း(၁၃၅၄)စောင်၊ ရုတ်သိမ်းသည့် တိုင်ကြားစာ(၁၇)စောင်၊ စိစစ်ဆောင်ရွက်ဆဲ(၇၀၆)စောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာများအနက် (၇၄၄)စောင်ဆောင်ရွက်ပြီးစီးကြောင်း ပြန်ကြားလာကြောင်းသိရပြီး ပဲခူးတိုင်းဒေသကြီးအနေဖြင့် တိုင်ကြားစာ(၇၈၃)စောင်ရှိကြောင်းသိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ်ဒေါ်သန်းသန်းဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။