Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေး Online Meeting သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေး Online Meeting သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

မေ ၂၂ (ပဲခူး)
================

မေလ ၂၂ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (Online Meeting) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူက COVID-19 ရောဂါ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များအား တင်ပြရန် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက COVID-19 ရောဂါ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကိုလည်းကောင်း၊ အထူးဖိတ်ကြားထားသည့် ပညာရှင်များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အခြေအနေများကိုလည်းကောင်း အကြံပြုဆွေးနွေးခဲ့မှုအပေါ် ဒုတိယသမ္မတက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။