Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

အသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

မေ ၂၉ (ပဲခူး)
=====================

မေလ (၂၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် Naypyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်) တို့ မြေငှားစာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် လူ့စွမ်းအား အရင်းအမြစ်ကို ပိုမိုတိုးတက်မြင့်မားစေရန် ဦးစားပေးဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါမှလည်း နိုင်ငံတကာနည်းတူ လုပ်သားတိုင်း ထိုက်တန်သည့် လုပ်ခငွေကြေးရရှိနိုင်မည်ဖြစ်ကြောင်း၊ NayPyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်) အနေဖြင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေသော အသက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက်မှုကိုလည်း ကြိုဆိုပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်ပါစေကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ NayPyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်) မှ CEO ဦးကောင်းမြတ်လင်းတို့က မြေငှားစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး၊ CEO ဦးကောင်းမြတ်လင်းက အသက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်ခြင်းရည်ရွက်ချက်နှင့် မြေငှားစာချုပ် ချုပ်ဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
NayPyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်)သည် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေ၊ အထူးဇုံ(၆)၊ မြေကွက်အမှတ်(၁/၃က/၂)၊ မြေဧရိယာ (၅)ဧက၊ (၂၀၂၃၄.၂၈၂)စတုရန်းမီတာအား  ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ နှစ်ရှည်ငှားရမ်း၍ အသက်မွေးပညာသင်တန်းများ၊လုပ်ငန်းများ၊ ဝန်ဆောင်မှုများ စုပေါင်းထားသော ရပ်ဝန်းဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေငှားစာချုပ် လက်မှတ်ရေးထိုးပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။