Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အိမ်သုံးဆေးဝါးနှင့် ဖြည့်စွက်စာထုတ်လုပ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

အိမ်သုံးဆေးဝါးနှင့် ဖြည့်စွက်စာထုတ်လုပ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

မေ ၂၉ (ပဲခူး)
==========================

မေလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် Amethyst Co., Ltd တို့နှင့် မြေငှားစာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေရသလို စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ ယခင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှ နိမ့်ကျခဲ့ရသော်လည်း ယခုအခါ ရင်းနှီးမြှုပ်မှုနှင့်ဆိုင်သော ခိုင်မာသောမူဝါဒများ၊ စီးပွားရေးနှင့်ဆိုင်သော ခိုင်မာသောမူဝါဒ/လမ်းစဉ်များ ချမှတ်ထားပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝဆောင်ရွက်လာနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ Amethyst Co., Ltdမှ မြန်မာ့ဒေသထွက်ကုန်ပစ္စည်းများဖြင့် ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဖြည့်စွက်စာ(အားဆေး)များ ထုတ်လုပ်မည်ကို သိရှိရသဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ Amethyst Co., Ltd မှ ဒါရိုက်တာ ဒေါ်မေဇော်ဦးနှင့် ဦးဇော်လွင်တို့က မြေငှားစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး၊ Amethyst Co., Ltd မှ ဒါရိုက်တာ ဦးဇော်လွင်က ပဲခူးမြို့တွင် အိမ်သုံးဆေးဝါးနှင့် ဖြည့်စွက်စာထုတ်လုပ်ရခြင်းရည်ရွယ်ချက်နှင့် မြေငှားစာချုပ် ချုပ်ဆိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
Amethyst Co., Ltd သည် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ်(၇၇-ခ)၊ မြေဧရိယာ (၈၀၉၃) စတုရန်းမီတာ၊ (၂)ဧကအား ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ ငှားရမ်း၍ အိမ်သုံးဆေးဝါးနှင့် ဖြည့်စွက်စာတို့အား မြန်မာနိုင်ငံသားပိုင်အနေဖြင့် စက်ရုံတည်ဆောက်၍ ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။