Home / ဇီးကုန်းမြို့နယ် / အောက်ခြေအခက်အခဲများအား ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ဝန်ကြီးချုပ် ပြောကြား

အောက်ခြေအခက်အခဲများအား ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ဝန်ကြီးချုပ် ပြောကြား

ဇွန် ၂၅ (ဇီးကုန်း)
=======================

ဇွန်လ (၂၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဇီးကုန်းမြို့နယ်၊ ကံလေးကျေးရွာအုပ်စု၊ သစ်ဆင်ကျေးရွာ အောင်သုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် လူထုတွေ့ဆုံပွဲများတွင် အစိုးရ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်သူများ သိရှိစေရန် ဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိတို့ ဒီမိုကရေစီကာလတွင် လူထုတွေ့ဆုံပွဲများ ကျင်းပရခြင်းသည် ပြည်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အနာဂတ်အတွင်းလည်း ရုပ်ပိုင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အမွေပေးခဲ့ရမှာဖြစ်ကြောင်း၊ ဒီအခြေအနေမှာ ထာဝရ အေးချမ်းတည်ငြိမ်သော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် မတူကွဲပြားမှုကို လက်ခံပြီး စုပေါင်းအားတစ်ခုအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် သစ်ဆင်အရှေ့စုနှင့် ကံကလေးအုပ်စုတို့မှ မူလတန်းလွန်ကျောင်း လျှောက်ထားရန်ကိစ္စ၊ သစ်ဆင်ရေတံခါးမှ ရေလွှတ်မြောင်း ပြုလုပ်ပေးရန်ကိစ္စ၊  သစ်ဆင်အရှေ့စုနှင့် ကံကလေးအုပ်စုတို့မှ ဇီးကုန်း-ဘော်ဘင်လမ်းမှ သစ်ဆင်အရှေ့စု ဆက်သွယ်ရေးလမ်း ကွန်ကရစ်လမ်း တင်ပြရန်ကိစ္စ၊ ကံကလေးကျေးရွာအုပ်စုမှ ကံကလေးကျွဲလမ်းအား ကုန်ထုတ်လမ်းအဖြစ် ပြုလုပ်ပေးရန်၊ သင်ဖြူပင်ကျေးရွာမှ ထန်းတပင်-သစ်ဖြူပင်-ရေတာရှည်လမ်း ကွန်ကရစ်လမ်းမှ တံတား(၂)စင်အား ပြုပြင်ပေးရန်ကိစ္စ၊  တယ်ပင်ကျောကျေးရွာမှ နွေစပါးစိုက်ပျိုးရန်အတွက် ဘော်ဘင်ဆည်မှ တယ်ပင်ကျောကျေးရွာအထိ မြေသားမြောင်းအား ပြန်လည်ပြုပြင်ပေးရန်၊ ကျွဲတဲကျေးရွာမှ ကျွဲတဲကျေးရွာ မူလတန်းကျောင်းအတွက် သောက်သုံးရေအသုံးပြုရန် စက်ရေတွင်းတူးဖော်ပေးရန်ကိစ္စ၊ ဂုံမင်းမြောင်ကျေးရွာမှ မမှန်မကန် ပုံစံ(၇)ထုတ်ပေးထားခြင်းအား ပြန်လည်စိစစ်ပေးရန်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၅၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။