Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အေးချမ်းသာယာ ပြည်သူ့အိမ်ယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး MTBG Co., Ltd မှ လာရောက်တွေ့ဆုံ

အေးချမ်းသာယာ ပြည်သူ့အိမ်ယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး MTBG Co., Ltd မှ လာရောက်တွေ့ဆုံ

မတ် ၁၃ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၁၃)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ အေးချမ်းသာယာ ပြည်သူ့အိမ်ယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး Myanmar Top Business Group (MTBG) Co., Ltd ၊ ဥက္ကဋ္ဌ ဦးသိန်းဟန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး အသွင်သဏ္ဍာန်နှင့် အနှစ်သာရများ ပြုပြင်ပြောင်းလဲရေးကာလတစ်ခုဖြစ်ကြောင်း၊ ယခင်ခေတ်ကာလများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပနိုင်ငံများနှင့် စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်ရာတွင် ကျဉ်းမြောင်းခဲ့သော်လည်း ယခုခေတ်ကာလသည် နိုင်ငံတကာနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချိတ်ဆက်ဆောင်ရွက်မှု အရှိန်အဟုန်တစ်ခုကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ များများရင်းနှီးမြှုပ်နှံမှသာ တိုင်းပြည်အတွက် လိုအပ်သည့် အခွန်ဘဏ္ဍာငွေများ ရရှိနိုင်မည်ဖြစ်ပြီး အစိုးရမှလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်နှင့် မြိုပြအိမ်ယာများ ဖော်ဆောင်ရာတွင်လည်း ဂေဟစနစ်ကိုအခြေခံသော စိမ်းလန်းပြီး သန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းများကိုလည်း တစ်ပါတည်းဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အခြေခံလိုအပ်ချက်များကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးဆိုင်ရာ ဗဟာဗျူဟာကောင်းများ၊ မွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် အခွင့်အလမ်းများနှင့် အသက်မွေးပညာသင်တန်းကျောင်းများ တည်ထောင်နိုင်ရေးတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်  Myanmar Top Business Group (MTBG) Co., Ltd ၊ ဥက္ကဋ္ဌ ဦးသိန်းဟန်က ပဲခူးတိုင်းဒေသကြီးအဝင်တွင် အများပြည်သူ အပန်းဖြေဥယျာဉ်တစ်ခု၊ စက်မှုဇုန်နှင့် အေးချမ်းသာယာ ပြည်သူ့အိမ်ယာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Myanmar Top Business Group (MTBG) Co., Ltd ၊ ဥက္ကဋ္ဌ ဦးသိန်းဟန်၊ အဖွဲ့ဝင် ဦးတင်မောင်နိုင်၊ Naing Group  Co., Ltd နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။