၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

မေ ၃၀ (ပဲခူး)
==========================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အမှာစကား ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲမှ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းကာ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများက အာသောက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက(၆)၊ လ(ခွဲ)ဘုရားသုံးဆူကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။
ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေးအတွက် ၂၀၁၁-၂၀၁၂ခု ပညာသင်နှစ်မှစပြီး ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ လေ့ကျင့်ခန်းသာအုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ရာ ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွက် မူလတန်းအဆင့် ပုံနှိပ်စာအုပ်များ တန်ဘိုးကျပ် (၁၁၀၅.၉၇)သန်း၊ အလယ်တန်းအဆင့်အတွက် ကျပ်(၃၉၈.၂၅)သန်း၊ အထက်တန်းအဆင့်အတွက် ကျပ်(၄၆၉.၁၈)သန်း ဖြန့်ဝေပေးမည်ဖြစ်ပြီး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ဝတ်စုံတစ်စုံ အခမဲ့ဖြန့်ဝေပေးရာ တိုင်းဒေသကြီးတစ်ခုလုံးတွင် ဝတ်စုံတန်ဘိုးကျပ် (၇၅၂.၈၆၂၁၇၃)သန်း အခမဲ့ထောက်ပံ့ပေးမည် ဖြစ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပထမတန်းမှစတင်၍ စတုတ္ထတန်းအထိ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် (၆)အုပ်နှုန်း တန်ဘိုးငွေကျပ် (၄၁၈.၅၁၇)သန်း အခမဲ့ထောက်ပံ့ပေးမည် ဖြစ်သည်။
အဆိုပါ အခမ်းအနားကို နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ထားသည့် ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။