Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်

စက်တင်ဘာ ၂၆ (ပဲခူး)
=================

၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံခန်းသာမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများအတွက် ထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က သက်ဆိုင်ရာ ခရိုင်သဘာဝဘေးထောက်ပံ့ရေးအဖွဲ့သို့ ငွေလွှဲလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်၊ မိုးရာသီ၌ ရေကြီးနစ်မြှုပ်ခြင်းနှင့် ရွှေခရုတို့ကြောင့် မိုးစပါး၊ နှမ်း၊ ပြောင်း၊ ကြံ၊ ရာသီသီးနှံတို့ ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ပြီး၊ ပဲခူးခရိုင်တွင် စုစုပေါင်း မိုးသီးနှံ (၁၅၀၅၉၁)ဧကအတွက် ထောက်ပံ့ငွေ(၁၅၀၅၉၁၀၀၀၀)ကျပ်၊ တောင်ငူခရိုင်တွင် စုစုပေါင်း မိုးသီးနှံ(၆၀၆၂၇)ဧကအတွက် ထောက်ပံ့ငွေ(၆၀၆၉၉၀၀၀၀)ကျပ်၊ ပြည်ခရိုင်တွင် စုစုပေါင်း မိုးသီးနှံ(၂၄၇၈၀)ဧကအတွက် ထောက်ပံ့ငွေ(၂၄၇၈၀၀၀၀၀)ကျပ်၊ သာယာဝတီခရိုင်တွင် စုစုပေါင်း မိုးသီးနှံ(၃၇၀၇၈)ဧကအတွက် ထောက်ပံ့ငွေ(၃၆၂၈၀၀၀၀၀)ကျပ်၊ စုစုပေါင်း စာရင်းချုပ်အနေဖြင့် မိုးသီးနှံ စုစုပေါင်း(၂၇၃၀၇၆)ဧကအတွက် ထောက်ပံ့ငွေ(၂၇၂၃၅၀၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်သဘာဝဘေးထောက်ပံ့အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။