Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင် ၁၆(ပဲခူး)
=================

ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၂၀-၂၀၂၁ ခု ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ကျောင်းအပ်ကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစန်းအောင်က ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ Maskများ၊ Face Shieldများ၊ သာမိုမီတာများနှင့် KM Healthcare Myanmar Co.,Ltd အထည်ချုပ်စက်ရုံမှ လှူဒါန်းသည့် PPEဝတ်စုံ အစုံ(၂၀၀)တို့အား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦး‌မောင်မောင်အေး၊
ဥပဒေချုပ် ဦးအုန်းမြင့်နှင့် လူမှုရေးဝန်ကြီး‌ ဒေါ်ညွန့်ညွန့်ဌေးတို့မှ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် ပညာရေးမှူးများထံ ပေးအပ်လှူဒါန်းကြသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိစေရေးအတွက် ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားရှိပြီး ၂၀၂၀-၂၀၂၁ခု ပညာသင်နှစ်တွင် ကမ္ဘာအဝှမ်းဖြစ်ပေါ်နေသည့် COVID-19 ကူးစက်ရောဂါကြောင့် အခြေခံပညာကျောင်းများ၌ ဇူလိုင်လ(၂၁)ရက်နေ့တွင် အထက်တန်းအဆင့်သင်အတန်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အထက်တန်းအဆင့်အတန်းများ ဖွင့်လှစ်ပြီးနောက် အလယ်တန်းအဆင့်၊ မူလတန်းအဆင့်အတန်းများကို တစ်ဆင့်ချင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့်ပတ်သက်၍ မိဘ၊ ဆရာ၊ ကျောင်းသား/သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အခြေခံပညာဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွန့်ဌေး၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီး ဦးစန်းအောင်နှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ ဆရာ/မများနှင့် လှူရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။