Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာ ဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲကျင်းပပြုလုပ်

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာ ဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၂ (ပဲခူး)
===============

ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားများ ရောင်းချသော မြန်မာတိုင်းရင်းသားရိုးရာ အစားအစာများနှင့် ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်များ၏ ဌာနအလိုက် ကျန်းမာရေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းများ ပြသထားခြင်း၊ ကရင်၊ ရခိုင်၊ မွန်၊ ပအိုဝ်းတိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချခြင်းများ ပါဝင်ပြသထားသည့်အပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှလည်း မိမိတို့ဌာန၏ပြခန်းတွင် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ခွေးနှင့်ကြောင် ကောင်ရေ (၂၀၀)ခန့်အား ခွေးရူးရောဂါ ကာကွယ်ဆေးကို ပြည်ထောင်စုနေ့ နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်အထိ အခမဲ့ထိုးနှံပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။