Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကွယ်ကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကွယ်ကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇန်နဝါရီ ၂၉ (ပဲခူး)
==================

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကွယ်ကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက 2019 Novel Coronavirus  (2019-nCov) ရောဂါပိုးအသစ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်ခါနီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ကူးစက်ရောဂါအသွင်သဏ္ဍာန်ဖြင့် စတင်ဖြစ်ပွားခဲ့ကြောင်း၊ 2019 Novel Coronavirus  (2019-nCov) သည် အခြားပြင်ပနိုင်ငံများသို့လည်း ကူးစက်ပြန့်နှံ့လျက်ရှိပြီး ဝူဟန်မြို့မှ ပြန်လာသူများကို (၁၄)ရက် အနီးကပ်ကြီးကြပ်စောင့်ကြည့်ရန် ညွှန်ကြားချက်များလည်း ပေးထားပြီးဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူများအား ကျန်းမာရေးဆိုင် အသိပညာပေးခြင်း၊ ဆေးရုံများတွင်လည်း ကူးစက်ရောဂါ ကုသနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်း လိုအပ်ချက်များ တင်ပြခြင်း၊ စျေးနှင့် အစားအသောက်များကို စည်ပင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့မှ ပူးပေါင်းစစ်ဆေးခြင်းစသည်တို့ကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက 2019 Novel Coronavirus  (2019-nCov) ရောဂါပိုး စတင်ဖြစ်ပွားမှုနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ဆေးရုံအတွင်း အရေးပေါ် ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ရောဂါပိုး ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကိုလည်းကောင်း၊ ဒေါက်တာ ဒေါ်ရီရီက ပြည်ပနိုင်ငံခြားသားများ ဝင်ရောက်နေထိုင်မှုအပေါ် စောင့်ကြည့်စစ်ဆေးသွားရမည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးမြို့၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်မှ ပဲခူးပြည်ပစက်မှုဇုန်အတွင်း နိုင်ငံခြားသား ဝင်ရောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
ယက်နောက် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးက ပဲခူးမြို့တွင် ပြည်ပစက်မှုဇုန်များရှိ၍ နိုင်ငံခြားသားများ ဝင်/ထွက်မှုများရှိကြောင်း၊ 2019 Novel Coronavirus  (2019-nCov) ကို အကြောင်းပြုပြီး အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် သီးခြားကော်မတီတစ်ခုဖွဲ့စည်းပြီး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ 2019 Novel Coronavirus  (2019-nCov) ရောဂါပိုးသည် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ သြစတေးလျနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် ပြင်သစ်နိုင်ငံများသို့ ကူးစက်လျက်ရှိပြီး၊ ဇန်နဝါရီလ (၂၈)ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကူးစက်သူ(၄၅၈၁)ဦးရှိပြီး သေဆုံးသူ(၁၀၆)ဦးရှိကြောင်း သတင်းရရှိသည်။