Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးကျင်းပ

2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဇန်နဝါရီ ၂၇ (ပဲခူး)
————————

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ(၂၇)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ 2019 Novel Coronavirus(2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာ ကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းမှ အဖွင့်အမှာစကား ပြောကြားပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်မှ 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါဖြစ်ပွားမှု၊ ရောဂါကူးစက်ပုံ၊ ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများ၊ ကုသမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ 2019 Novel Coronavirus (2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားလာပါက ကုသနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် အထွေထွေရောဂါကုသမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီး၊ စက်မှုဇုံတာဝန်ရှိသူနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ စက်ရုံများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိဆေးရုံများမှ တာဝန်ရှိသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ကုသရန်အတွက် တိကျသောဆေးဝါးမရှိ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများအနေဖြင့်လည်း အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ယခင်အလားတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးများ၏ ရောဂါကူးစက်ပုံများအရ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး (Influenza Virus)များ အပါအဝင် အခြားရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး အသက်ရှုလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ကူးစက်ပျံ့နှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့်ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု ယနေ့ထိတိုင်မရှိသေးပေ ပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်အတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူထူထပ်သောနေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနှင့်ရေတို့ကို အသုံးပြု၍ မကြာခဏ ဆေးကြောရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသောအဝတ်နှင့် နှာခေါင်းစည်းအသုံးပြုရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှုးအသုံးပြုပါက အမှိုက်ပုံးထဲသို့သေချာစွာ လွှင့်ပစ်ရန်၊ တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ အသား ငါးများကိုသေချာစွာ ကျက်အောက်စနစ်တကျ ချက်ပြုတ်ပြီးမှ စားသုံးရန်၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ရန်နှင့် ကောင်းစွာအိပ်စက်အနားယူရန်၊ အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာအား ထိတွေ့ကိုင်တွယ်ရသည့်အချိန်တိုင်း မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံရခြင်း မရှိစေရန် Infection Prevention and Control အား အထူးဂရုပြု လိုက်နာရန်နှင့် လူနာနှင့်ထိတွေ့သော အရာဝတ္ထုများကို အသုံးပြုကိုင်တွယ်ပြီးတိုင်း၊ လူနာနှင့် တိုက်ရိုက်ထိတွေ့ပြီးသည့်အခါတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ လေကြောင်းခရီးမှတဆင့် ဝင်ရောက်လာသော ပြည်တွင်း/ပြည်ပ ခရီးသွားများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်(Travel Advice)ကို လိုက်နာကြရန် လိုအပ်ကြောင်းသိရသည်။
Wuhan Virus, 2019-nCoV နှင့်ပတ်သက်၍ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိမှုများ အနေဖြင့် ဆေးရုံစီမံအဖွဲ့များ၊ အထူးကုဆရာဝန်များ၊ ဓာတ်ခွဲ/ဓာတ်မှန်/ဆေးဝါးအဖွဲ့များ၊ သူနာပြုများနှင့် တိုင်ပင်ဆွေးနွေး၍ လူနာထားရှိကုသရန်နေရာ သတ်မှတ်ခြင်း၊ အထူးကု/ဆရာဝန်/သူနာပြု/ ဝန်ထမ်းများ တာဝန်သတ်မှတ်ခြင်း၊ လိုအပ်သော ဆေးပစ္စည်းများ/ အကာအကွယ်ပစ္စည်းများ ရရှိရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Guide Line များအား ဆေးရုံဝန်ထမ်းများသိရှိရန် အသိပေးအကြောင်းကြားခြင်း၊ လိုအပ်ပါက ပရဟိတအသင်းအဖွဲ့များအပါအဝင် စေတနာရှင်ပြည်သူများ၊ အခြား Stakeholder များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းစသည်တို့ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။