Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ဖေဖော်ဝါရီ ၂၆ (ပဲခူး)
==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာနှင့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ကုန်လမ်းဆုံတိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပင်လယ်ထွက်ပေါက်များနှင့်လည်း အချိန်တိုအတွင်း ချိတ်ဆက်သွားလာနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးထက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အခွန်ကင်းလွတ်ခွင့်(၂)နှစ် ရှိနေပြီး မိမိတို့တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများကို ဖော်ထုတ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးကိုကိုလတ်က Bago Region Investment Fair 2020 ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင်တို့က Bago Region Investment Fair 2020 ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြန်မာဆာဗေးသုတေသနကုမ္ပဏီမှ ဦးဉာဏစိုးမှ Bago Region Investment Fair 2020 ကျင်းပသွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်ခဲ့သည့် Investment Fair အတွေ့အကြုံများကိုလည်းကောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ Bago Region Investment Fair 2020 သည် ပဲခူးတိုင်းဒေသကြီးအတွင်း မဖော်ထုတ်ရသေးသည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ကြား၍ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံနိုင်မည့် အချက်အလက်များကိုလည်းကောင်း၊ လုပ်ငန်းတူ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း ရှင်းလင်းပြသခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်မည့် စီးပွားရေးဆိုင်ရာ အလာအလားကောင်းများသိရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကာ တိုင်းပြည်ဝင်ငွေတိုးတက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။