Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / COVID-19 အပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

COVID-19 အပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မေ ၂၀ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က COVID-19 အပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 နှင့်အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခက်အခဲများလည်း ရင်ဆိုင်ကြုံတွေ့ဆိုင်မည်ဖြစ်၍ သဘာဝဘေးမဖြစ်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားနေစဉ် ရှာဖွေကယ်ဆယ်ရေးနှင့် နေရာချထားပေးရေး လုပ်ငန်းစဉ်များနှင့် ဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်ရှာဖွေပေးခြင်းတို့ကို ကြိုတင်တွက်ဆ ဆောင်ရွက်ထားကြရမှာဖြစ်ကြောင်း၊ မိုးကြိုးဘေး၊ လေဘေးတို့အတွက် ဖြစ်ပွားမှုများသော ဒေသများအတွင်း အသိပေးဆိုင်းဘုတ်များ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ သစ်တောသစ်ပင် ပြုန်းတီးမှု ကာကွယ်ရေး၊  ပြန်လည်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျေးရွာများ၌လည်း ကျေးရွာထင်းစိုက်ခင်းများအပြင် ပျိုးဥယျာဉ်များ ထူထောင်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးကာလတွင် ငွေကြေးသုံးစွဲမှု ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စနစ်တကျ သုံးစွဲသွားရန်နှင့် လုံခြုံရေးစီမံချက်များ ပြန်လည်ရေးဆွဲထားရန်တို့အား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဝန်ကြီးများက ရေကြီးနိုင်သည့် ဒေသများရှိ Home Quarantine နေထိုင်သူများအား သီးသန့်နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ COVID-19 ကာလအတွင်း နေရပ်ပြန်လာသူများနှင့် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျန်းမာရေးသုံးပစ္စည်းများ ထုတ်ပေးထားရန်၊ COVID-19 နှင့် သဘာဝဘေး ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းတာဝန်များ ထပ်မံဖြည့်ဆည်းရန်တို့အား တင်ပြခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ရေကြီးနစ်မြှုပ်လေ့ရှိသည့် ဒေသများတွင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ဆောင်ရွက်ရမည့် အစီအမံများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေက COVID-19 ကာလနှင့် သဘာဘေးကာလအတွင်း ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းဌေးအောင်မှ ဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့ပေးမှုအခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၀ခုနှစ် မေလ(၂၀)ရက်နေ့အထိ မီးဘေး(၇၄)ကြိမ်၊ ‌‌
လေဘေး (၁၀၁) ကြိမ်၊ ကမ်းပြိုဘေး(၅)ကြိမ်၊ မိုးကြိုးဘေး(၁၅)ကြိမ်၊ အခြားဘေး(၃)ကြိမ်၊ စုစုပေါင်း(၁၉၈)ကြိမ်ဘေးဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၃၅၅၇)စု၊ လူဦးရေ(၁၄၆၆၃)ဦး ဘေးသင့်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။