Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ICJ ၌ သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံကြောင်း ပဲခူးမြို့တွင် လူထုလှုပ်ရားမှုပြုလုပ်

ICJ ၌ သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံကြောင်း ပဲခူးမြို့တွင် လူထုလှုပ်ရားမှုပြုလုပ်

ဒီဇင်ဘာ ၉ (ပဲခူး)
===================

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံဂုဏ်သိက္ခာအတွက် ဦးဆောင်သွားရောက် တရားရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ဝန်းရံထောက်ခံကြောင်း လူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ(၉)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းတွင် ကျင်းပပြုလုပ်သည်။
ဝန်းရံထောက်ခံပွဲ ပြုလုပ်ရာတွင် ပဲခူးမြို့ ဟံသာဝတီရပ်ကွက် မြို့တော်ခန်းမရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းဦးဆောင်သော အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်တံခါး မြို့နယ်(၈)မြို့နယ်ရှိ ပြည်သူများ၊ CSO အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံအဖွဲ့များ ပူးပေါင်းပါဝင်ပြီး လူဦးရေ (၁၅၀၀၀)ဦးကျော် ဖြင့် မြို့တွင်းကြီးရပ်ကွက် ရွှေမော်ဓောဘုရားယာဉ်နားကွင်းအထိ လမ်းလျှောက်ချီတက်ကြကြောင်း သိရသည်။
ထို့နောက် လူထုထောက်ခံပွဲကျင်းပပြုလုပ်ရာ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ ယာဉ်ရပ်နားကွင်း၌ နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံကိုအလေးပြုပြီး အခမ်းအနားကိုဖွင့်လှစ်ကာ သဘာပတိ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ အမှာစကား ပြောကြားသည်။
ယင်းနောက် ထောက်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူလူထု၏ သဘောထားကိုရယူပြီး သဘာပတိ၏ အတည်ပြုချက်ဖြင့် ICJတွင် သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံကြောင်း ကြေငြာကာ “အရေးကြီးပြီ” သီချင်းသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ယနေ့ထောက်ခံပွဲသည် အပြည်ပြည်ဆိုင်ရာတရားရုံး ICJတွင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ်  မြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ုကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ(Netherlands) ဟိဂ်(TheHague)မြို့မှာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ သွားရောက်တာဝန်ယူ ဖြေရှင်းမှုအပေါ် ကြိုဆိုထောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သည် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ICJမှာ ပါဝင်ပြီးဖြစ်ပါကြောင်း၊ ဒါကြောင့် ကျနော်တို့ ခေါင်းဆောင်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်အနေနှင့် မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအား အပြည်ပြည်ဆိုင်ရာ ဥပဒေများအပေါ် လေးစားလိုက်နာကြောင်း ပြသသောအားဖြင့် မြန်မာနိုင်ငံကိုယ်စား ဒေါ်အောက်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းတာဟာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက်သာမက တစ်မျိုးသားလုံးအတွက် ဂုဏ်ယူစရာဖြစ်တဲ့အတွက် ပဲခူးခရိုင်(၈)မြို့နယ်မှ လူထုတန်းစားပေါင်းစုံ၊ အပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ လူထုတစ်ရပ်လုံး ကြိုဆိုထောက်ခံခြင်းဖြစ်ကြောင်း သဘာပတိဖြစ်သူ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ပြောကြားကြောင်း သိရသည်။
ICJ ၌ သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံကြိုဆိုပွဲများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူခရိုင်၊ တောင်ငူမြို့မိုင်ဒါကွင်း၊ လွတ်လပ်ရေးကျောက်ရှေ့တွင်လည်းကောင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ဘောလုံးကွင်းလမ်းတွင်လည်းကောင်း၊ ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ရေးကြေးရုပ်တွင်လည်းကောင်း ခရိုင်အသီးသီးရှိ မြို့နယ်များမှ ပြည်သူများက ဒီဇင်ဘာလ(၈)ရက်နေ့  နံနက်ပိုင်းအချိန်က သက်ဆိုင်ရာ ခရိုင်အလိုက် ချီတက်လမ်းလျှောက် ထောက်ခံပွဲများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။