Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / Second World War Memory Park and Resort အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Second World War Memory Park and Resort အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဇန်နဝါရီ ၃၁ (ပဲခူး)
===============

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာအနီး၊ အမှတ်(၁) မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်းကျောင်းဧရိယာ၌ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သော စစ်သုံးလေယာဉ်ကွင်းငယ်နှင့် မြေကတုတ်များကိုအခြေခံ၍ Second World War Memory Park and Resort အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ ဇန်နဝါရီလ (၃၁)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝအခြေခံ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့် စက်ရုံတစ်ခု တည်ဆောက်ခြင်းဖြစ်၍ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခံစားနိုင်မည်ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အခွန်ဘဏ္ဍာရေးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုဖော်ထုတ်မည့်နေရာသည် ဒုတိယကမ္ဘာစစ်အတွင်း၌ တရုတ်ဖြူများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်သုံးကျိပ်တို့မှ ခေါ်ဆောင်လာခဲ့သော ဂျပန်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်း အလွန်အရေးပါခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့မှု အခြေအနေကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက Second World War Memory Park and Resort အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လေ့လာတွေ့ရှိချက်၊ မြေနေရာခွဲခြား အသုံးပြုသွားမည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းအကြံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။