ပဲခူး ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဩဂုတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ ကမ္ဘာဇသာဒီနန်းတော်ဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး နန်းတော်ရာ ဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေထွက်ပေါက်များ ပြန်လည်စစ်ဆေးဖော်ထုတ် ဆောင်ရွက်ရန်၊ နန်းတော်အတွင်းပတ်လမ်းတစ်လေျာက် ပန်းအလှပင်များနှင့် အရိပ်ရပင်များအား ပြန်လည် အဆင့်မြှင့် တင်သွားရန်၊ အရိပ်ရသစ်ပင်များအောက်တွင် အပန်းဖြေအနားယူနိုင်ရန် ထိုင်ခုံများတပ်ဆင် ထားရှိရန်၊ ဒေသထွက် MSMEs အစားအစာများ၊ လူသုံးကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ စနစ်တကျနေရာထားချပေးရန်၊ အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ကြီးကြပ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အများနှင့်သက်ဆိုင်သည့် ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်း လမ်းဘေး(ဝဲ/ယာ)၊ ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် စုပေါင်းသန့်ရှင်း ရေး ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ရှိ အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်နိုင်ရေး ပဲခူးမြစ်ကမ်းဘေးပန်းခြံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်ကင်းစင်စေရေး၊ လျောက်လမ်းများ လမ်းချော်မှုမရှိစေရေးနှင့် ကမ်းထိန်းနံရံများ စနစ်တကျ တည်ဆောက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ရှေးဟောင်သမိုင်းဝင် နောင်တော်ကြီးမြသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်၍ ဘုရားဖူးလာပြည်သူများ ကြည်ညို သဒ္ဒါတရားပွားများနိုင်စေရေး ရောင်တော်ဖွင့်လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သပြေကုန်းဘိုးဘွားရိပ်သာ သို့သွားရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အဖိုးအိပ်ဆောင်နှင့် ဆေးပေးခန်း ပြန်လည် အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပြီး အစောင့်ရှောက်ခံ အဘိုးအဖွားများအား သွားရောက်ဂါရဝပြု နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။