Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂

          (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ မွန်တိုင်းရင်းသား/သူများက “မွန်တို့ဌာနေရာမည”သီချင်းဖြင့် သီဆိုကပြ၍ အခမ်းအနား အားဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများ မတူညီသော် လည်း မိသားစုစိတ်ဓါတ်ဖြင့် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်တွေကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ ဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်တိုင်းရင်းသား/သူမျာအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့် မိန့်ခွန်း ပြောကြားသည်။

          ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ မွန်ရိုးရာအကများဖြစ်သည့် တေးသီချင်းများဖြင့် ကပြဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က မွန်တိုင်းရင်းသား ရိုးရာအကနည်းပြများအား ဂုဏ်ပြုပန်းခြင်းနှင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မွန်တိုင်းရင်းသား/ တိုင်းရင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်  ဒုတိယဥက္ကဋ္ဌ နိုင်ဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က မွန်အမျိုးနေ့အခမ်းအနားသို့ တက်ရောက် လာသည့် ဌာနေတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား တက်ရောက်လာကြသူများအား မွန်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြကြောင်း သတင်းရရှိသည်။