ဖေဖော်ဝါရီ ၁၉

တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ဒေသခံလူငယ်များအတွက် လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် ရေးသည် အလွန်အရေးကြီးကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် ဒေသခံလူငယ် များအနေဖြင့် နည်းပညာဆိုင်ရာ အတတ်ပညာများ နားလည်သိရှိတတ်ကျွမ်းရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်း၊ ကိုယ်ပိုင် လုပ်ငန်းငယ်များ တည်ထောင်နိုင်ရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးတက်ရရှိရေးအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာသင်တန်းများကို လစဉ်ဖွင့်သင်ကြားပေးလျက်ရှိရာ ယခုလတွင် တောင်ငူခရိုင်အတွင်းရှိ လူငယ်လူရွယ်(၄၀)ဦးအတွက် လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက် စေရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ သင်တန်းဆရာ/ ဆရာမများအနေဖြင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာစေရေးအတွက် စေတနာအပြည့်ဖြင့် သင်ကြားပေးသွားရန်နှင့် လာမည့်လျှပ်စစ်ပိုင်းဆိုင်ရာနည်းပညာသင်တန်းများတွင် ဆိုလာစနစ်ကိုအခြေခံသည့် တပ်ဆင်ပြုပြင်ထိန်းသိမ်းခြင်း နည်းပညာသင်တန်းများလည်း ဖွင့်လှစ်သင်ကြား ပေးစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက် သင်ခန်းစာများ ကို စိတ်ပါလက်ပါ ဂရုတစိုက်လေ့လာသင်ကြားသွားကြရန်နှင့် ယခုသင်တန်းအား အခြေခံ၍ မိမိတို့ဘဝကို တစ်ဆင့်ထက်တစ်ဆင့် တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားနိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ကျော့ကျော့ရီက လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းအတွက် သင်ထောက် ကူပစ္စည်းများအား သင်တန်းသားများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး သင်တန်း၌ စာတွေ့/လက်တွေ့ သင်ကြားမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website