ပြည် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ဇီးအုပ်တောင်သူ လယ်သမားသင်တန်းကျောင်း၌ တောင်သူလယ်သမားစိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်း(၃/၂၀၂၅) ဖွင့်လှစ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ခြင်းကို အဓိက လုပ်ဆောင်နေကြကြောင်း၊ တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် လယ်ယာလုပ်ငန်းခွင်တွင် အတွေ့အကြုံရှိသော်လည်း ပြောင်းလဲလာသည့် ရာသီဥတုကြောင့် မြေဆီလွှာ၊ မျိုးစေ့နှင့် ပိုးမွှားရောဂါဆိုင်ရာ ပြဿနာများကြောင့် သီနှံအထွက်နှုန်း လျော့နည်းထိခိုက်စေနိုင်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက် နေပြည်သူများ၏ လယ်ယာစီးပွားရေးလုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာများနှင့် ဆက်စပ်သည့်အသိပညာနှင့် ဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် တောင်သူ တစ်ဦးချင်း၏ဝင်ငွေ တိုးတက်ပြီး အကျိုးစီးပွားမြင့်မားလာစေရန် ရည်ရွယ်ပြီး တောင်သူပညာပေး စိုက်ပျိုး ရေးဆိုင်ရာနည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေရရှိရေးနည်းလမ်းများ၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုမှု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အင်တိုက်အားတိုက်ဆောင်ရွက်ကာ စိုက်ပျိုးရေး အခြေခံစက်မှုနိုင်ငံအဆင့်သို့ အရှိန်အဟုန်ဖြင့်ကူးပြောင်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် တောင်သူများအား မြန်မာ့မျိုးရင်းမှန် စားဖိုဆောင်သီးနှံမျိုးစေ့များ ချီးမြှင့်ပေးအပ်ခဲ့ပြီး တောင်သူလယ်သမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါက တောင်သူလယ်သမားစိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းအား ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့မှ တောင်သူလယ်သမား(၄၀)ဦးအား ဒီဇင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၂၄)ရက်နေ့ အထိ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းများဥပဒေ၊ နေကြာသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆည်ရေအား အကျိုးရှိရှိအသုံးချ နိုင်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနည်း၊ အပင်ပိုင်းမျိုးပွားခြင်း၊ ကြံစိုက်စက်ဖြင့် ကြံစိုက်ပျိုးခြင်း၊ ဝါမျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ တစ်ပိုင်တစ်နိုင် မျိုးထိန်းသိမ်းနည်း၊ ဘဲမွေးမြူရေး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းစသည်တို့အား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website