ပဲခူး ဇန်နဝါရီ ၁၃

ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ၌ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလူငယ် များအတွက် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသအသီးသီးမှတိုင်းရင်းသား လူငယ်များအား ကိတ်မုန့်နှင့်ပေါင်မုန့်အမျိုးမျိုးအား သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော မုန့်လုပ်နည်းစနစ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်ထိ တတ်ကျွမ်းအောင် သင်ကြားပေးသွားမှာဖြစ် ၍ သင်တန်းသား/သူများနေဖြင့် စနစ်တကျသင်ယူသွားရမှာဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိမိတို့အတွက်လည်း ဝင်ငွေရရှိသလို မိမိတို့တိုင်းရင်းသားပြည်သူများအနေ ဖြင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲသွားနိုင်မှာဖြစ်ကြောင်း၊ ကိတ်မုန့်နှင့်ပေါင်မုန့် အမျိုးမျိုးပြုလုပ်ခြင်းကို အခြေခံကနေစပြီးသင်ကြားပေးသွားမှာဖြစ်ကာ မိမိတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ တီထွင်နိုင်မှုစွမ်းအားကို အသုံးချပြီး ပြည်တွင်းစားသောက်ကုန်အဆင့်သာမက ပြည်ပပို့ကုန်အဆင့်ထိ ရည်မှန်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းရင်းသား သင်တန်းသား/သူများအနေဖြင့် သင်တန်းပြီးဆုံး သွားပါက မိမိတို့ ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားပြည်သူများအား အသိပညာ/နည်းပညာများ ပြန်လည် မျှဝေပေးပြီး အောင်မြင်သည့် စွန့်ဦးတီထွင်မှုရှိတဲ့ တိုင်းရင်းသားလူငယ်လုပ်ငန်းရှင်များဖြစ်အောင် အလေးထားကြိုးစား သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက်လာသည့် ဒေသအသီးသီး မှ တိုင်းရင်းသား သင်တန်းသား/သူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ဆက်လက်၍ ပဲခူးမြို့မဈေးအနီး၊ ပဲခူးတံတား အထက်ဘက်အခြမ်းနှင့် အောက်ဘက်ခြမ်း ဝဲယာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံ တည်ဆောက်နေမှုနှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်နေမှုနှင့် ကမ္ဘောဇသာဒီနန်းတော် အဝင် မုခ်ဦးတည်ဆောက်နေမှု၊ နန်းတော်အတွင်း Land Scaping Design မြေယာရှုခင်းအလှ တည်ဆောက်နေ မှု၊ ကျွန်းတိုင်လုံးဟောင်းဆောင် ပြန်လည်တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက် ရေး လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် စနစ်တကျ ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website