Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

တောင်ငူ ဖေဖော်ဝါရီ ၁၉

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ နတ်စဉ်ကုန်း ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခဲ့နိုင်မှုကြောင့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၁၀၀)တွင် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာစုပေါင်းကြဲပက်နေမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာများ တွင်ကျယ်စွာထုတ်လုပ်သုံးစွဲရန်နှင့် စိုက်ပျိုးရေ အား လေလွင့်မှုမရှိ အကျိုးရှိရှိသုံးစွဲရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ ဆင်ဆိပ် ကျေးရွာရှိ မတ်ပဲစိုက်ခင်းနှင့် ပဲခူးတိုင်းဒေသကြီးမှထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး (၁၀၀)ဧက စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်မှသာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်၍ တောင်သူများအနေဖြင့် အထူး လိုက်နာဆောင်ရွက်ရန်၊ တောင်သူဝင်ငွေတိုးတက်စေရေး တန်ဖိုးမြင့်ပေါ်ဆန်းမွှေးစပါးမျိုးများ စိုက်ပျိုးသွား ကြရန်နှင့် ပေါ်ဆန်းမွှေးစပါးမျိုးများ ရရှိနိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ ထီးလှိုင်ပန်းခြံတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ စိတ်လက်အပန်းဖြေနိုင်ရေး တည်ဆောက်ပေးခြင်းဖြစ်၍ ပန်းရောင်စုံဖူးပွင့်ရန်၊ စိမ်းလန်းစိုပြေမှု အစဉ်အမြဲ ရှိစေရေးနှင့် မြေယာရှုခင်းအလှများ ခေတ်မီလှပစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ ပဲပုတ်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးစောအယ်ဒို၏ RIR မျိုးကြက်ထီးနှင့် မြန်မာတိုင်းရင်းမျိုးကြက် အထီးများ မွေးမြူထားရှိမှု၊ ဒေသမျိုးနှင့်ပေါင်းစပ်၍ မျိုးမြှင့်တင်ခြင်းနှင့် ဥစားကြက်ဥ မွေးမြူထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက်များအား မျိုးမြှင့်တင်၍ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချရန်၊ ဒေသ ထွက်ကုန်ကြမ်းပစ္စည်းမျာဖြင့် ဒေသကြက်စာများ ထုတ်လုပ်နိုင်ရေးနှင့် ကိုယ်တိုင်မွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များတွင် ကြက်သား/ကြက်ဥများ စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်ရောင်းချ ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်း ကျေးရွာအုပ်စု၌ လုပ်ငန်းရှင် ဦးဉာဏ်ဝင်း၏ စက္ကူစက်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေး ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရေးနှင့် စက်ပစ္စည်းသယ်ယူမှုလုပ်ငန်းများ မြန်ဆန် စေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။