Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့်ဌာနတစ်ခုဖြစ်ကာ နိုင်ငံတော်၏ သစ္စာကိုစောင့်သိလျက် အစိုးရ၏ မူဝါဒများကို သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကြိုးပမ်းထမ်းဆောင်သွားရမှာဖြစ်ပြီး ရည်မှန်းချက်တာဝန်များကိုလည်း အထူးအလေး အနက်ထား လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေးကို ရှေ့ရှု၍ နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရမှာ ဖြစ်ကာ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်း စွာဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ကြိုးပမ်း ထမ်းဆောင် သွားကြရမှာဖြစ်ကာ နိုင်ငံဝန်ထမ်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို အလေးထားလိုက်နာကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်း အချင်းချင်း တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မေတ္တာတရားလက်ကိုင်ထားပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော ဝန်ထမ်း ကောင်းများဖြစ်ကြစေလို ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့အတွက် ချီးမြှင့်ငွေကျပ်(၂၅၄)သိန်းအား တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးကျော်စိုး ထံသို့ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံခန့်ခွဲရေးသင်တန်းများတွင် ထူးချွန်ဆု ရရှိခဲ့သည့် အမှုထမ်း၊ အရာထမ်းများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဂုဏ်ပြုချီးမြှင့်ပေးခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။