Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကဝမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများ  ကွင်းဆင်းဆေးကုသပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး

ကဝမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများ  ကွင်းဆင်းဆေးကုသပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး

ပဲခူး ဇွန် ၂၈

          ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေး ဝန်ထမ်းများသည် ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းက  ကဝမြို့နယ်၊ အုန်းနှဲတိုက်နယ်ဆေးသို့သွားရောက်၍ ကဝမြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုပြုလုပ်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများက ရဟန်း ၊ရှင်၊ လူပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဆေးကုသမှု လာရောက်ခံယူနေကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

     ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့၊ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်ဦးဆောင်သော ဖျားနာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မျက်စိ၊ နား၊ နှာခေါင်းလည်ချောင်း၊ အကြောအဆစ်၊ အရေပြား၊ သွားခံတွင်း၊ ဓါတ်မှန် စသည့်ဘာသာရပ်(၁၀) ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက် များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး မြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများ တိုးချဲ့ကာ ကျေးလက် ဒေသအထိကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ပေးကြခြင်းဖြစ်ကာ ခွဲစိတ်ရောဂါလူနာ(၂၅)ဦး၊ ကလေး လူနာ(၂၃)ဦး၊ နား၊နှာခေါင်း၊လည်ချောင်းလူနာ(၂၀)ဦး၊ မျက်စိလူနာ(၄၂)ဦး၊ အရိုးအကြောလူနာ(၄၈)၊ အရေပြားလူနာ(၅)ဦး၊ သွားလူနာ(၁၈)ဦး၊ သားဖွားမီးယပ်လူနာ(၃၇)ဦး၊ ဖျားနာလူနာ(၂၆၀)ဦးနှင့် Ultrasoundလူနာ(၅၀)ဦး စုစုပေါင်းလူနာ(၅၂၈)ဦး လာရောက်ပြသကုသမှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိ ရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ”စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က  “ပန်းပျိုးသူ” စာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က စာကြည့်တိုက် အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သုတ/ရသစာအုပ်စာဆောင်များနှင့် အလှူငွေကျပ်သိန်း(၃၀) ပေးအပ် ခဲ့ကာ မျိုးဆက်သစ် လူငယ်များ၊ ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား၍ လိမ္မာ ယဉ်ကျေးသည့်လူတော်လူကောင်းများဖြစ်စေရန်ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရေး အလေးထားစည်းရုံးဆောင်ရွက်ရန် စာကြည့်တိုက်ကော်မတီဝင်များ အား လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် စာကြည့်တိုက်ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့သည့် ဒိုးပတ် အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။