ပဲခူး ဇန်နဝါရီ ၃
======================
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေမှအပ ဥယျာဉ်ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေများနှင့် အခြားမြေများ အား အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် မိမိတို့အစိုးရအဖွဲ့မှ ဥပဒေ၊ နည်းဥပဒေနှင့် အညီ ခွင့်ပြုချထားပေးရာတွင် စိုက်ပျိုးနိုင်သော မြေဧရိယာများ လျော့နည်းမှုမရှိစေရေး အနည်းဆုံး ဧရိယာကိုသာ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများအား လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများအား စနစ်တကျ စိစစ်သွားရမည်ဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ Town Plan ရေးဆွဲရာတွင် တစ်ပါတည်းထည့်သွင်းရေးဆွဲ သတ်မှတ်ထားရန်နှင့် အဆိုပါဧရိယာအတွင်း၌သာ စက်မှုလုပ်ငန်းများ စနစ်တကျစိစစ် ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ သစ်တောမြေများအတွင်း ကျူးကျော်မှုများ မရှိစေရေး အထူးအလေးထား ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် လယ်မြေများပေါ် ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောင်ရွက်ထားသည့် မည့်သည့် လုပ်ငန်းကိုမှ ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း ရပ်ကွက်/ကျေးရွာများအထိ သိရှိစေရေး ဆောင်ရွက် သွားရန်နှင့် တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ရရှိနိုင်ရေး အခြားနည်း ခွင့်ပြုမိန့်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စက်မှုစီးပွားဂရန် လျှောက်ထားထုတ်ပေး နိုင်စေရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလျှောက်ထားလာသည့် လယ်ယာမြေအခြား နည်းအသုံးပြုခွင့် အမှုတွဲ(၁၅)တွဲနှင့် အယူခံမှု(၃)တွဲတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုပေါ် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။