Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပြည် မေ ၁၉

          ပြည်မြို့၊ သီရိခေတ္တရာရတနာခန်းမ၌ မေလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပြည်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား “ပညာ ဘဏ်တိုက်၊ စာကြည့်တိုက်”သီချင်းဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး “စာပဒေသာ ဝေဆာစေမည်” Video Clip အား ကြည့်ရှုခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြော သည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်မှာဖြစ်ပြီး စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းအားဖြင့် အထက်ပါအချက်များကို တစ်ဘက်တစ်လမ်းမှ ပံပိုး ကူညီ ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ စာပေချစ်သူများအနေဖြင့် အလွန်လိုင်းမီဒီယာတွင် စာပေဖတ်ရှုနိုင်သော်လည်း အဆိပ် အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေ၍ မိမိတို့ဘဝအကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုရာတွင် အပျော်ဖတ်စာပေမှစတင်၍ ဗဟုသုတရရှိမည့် စာပေအထိ ဖတ်ရှုနိုင်ရေး အမှန်တကယ် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေ မည့် စာကောင်းပေမွန်များ ထားရှိပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန် မြှင့်တင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် မျက်ခြေမပြတ်ကြီးကြပ်ခြင်း၊ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တိုင်းဒေသကြီး/ခရိုင်/မြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များ၊ စာပေချစ်မြတ်နိုးသူ စေတနာရှင်၊ အလှူရှင်များက မိမိတို့ဒေသရှိ စာကြည့်တိုက် များ ဖွံ့ဖြိုးရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သွားကြစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လူမှုရေးရာဝန်ကြီးတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းခဲ့မှုတို့အပေါ် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းနောက် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများက ပျူအကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြ ပြီး ပြည်ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဒေါ်ခင်နှင်းဆီရွှေက ဒေသခံ ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဘက်စုံ ပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တို့က ပြည်ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခင်ကျင်းပြသထားသည့် စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

          ပြည်ခရိုင်အတွင်း စံ(၅)ချက်ညီ စာရှိတိုက်ပေါင်း (၅၈)ခု လည်ပတ်လျက်ရှိပြီး ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေကျပ်သိန်း(၁၅၀)နှင့် စာအုပ်စာစောင်(၃၅၈၉)အုပ်၊ စုစုပါင်း တန်ဖိုးငွေကျပ်(၂၃၁)သိန်းကျော် ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။