Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက် မတ် ၂

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ စစ်ကုန်း(၂)ကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ ဆင်းရွှေကြာမျိုး နေကြာသီးညှပ် စိုက်ခင်း(၃၀၇)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဒေသအတွင်း နေကြာမျိုးများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် အတွက် မျိုးစုဆောင်းရန်နှင့်  နေကြာစိုက်ပျိုးနိုင်သည့်နေရာဒေများအားလုံးတွင် နေကြာ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဂုမ္မင်းကွင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ တောင်သူ ဦးသိန်းထွန်း၏ နေကြာသီးသန့် စိုက်ခင်း(၁၀)ဧကအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပအစားထိုး စားသောက်ကုန်ဖြစ်သော စားသုံးဆီပိုမိုဖူလုံ ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှစ၍ တိုင်းဒေသကြီးအတွင်း ပဲစိုက်တောင်သူများထံ နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုး(၂၂၂၅)တင်းအား ကြိုတင်အခမဲ့ဖြန့်ဝေ‌ပေးထားနိုင်ခဲ့ပြီး ယခုအခါ ဆီထွက်နေကြာ (၅၈၃၀)ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံ၍ မြို့ရေပေးဝေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း (၁၂၄)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော မြေသား(၀/၆.၈၄)ဖာလုံနှင့် ဂဝံလမ်း(၀/၆.၈၄)ဖာလုံ လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ညောင်နီကုန်းကျေးရွာ၊ တောင်သူ ဦးမြင့်နိုင်၏ ဟင်းသီးဟင်းရွက် (GAP) စနစ်ဖြင့် ခရမ်းချဉ်(၈)ဧက စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိစေရေးနှင့် ဒေသနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့်များအား တစ်ဦးချင်းမှသည် အများအပြား ရွေးချယ်စိုက်ပျိုး နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သာယာဝတီဘူတာ အား သွားရောက်ကြည့်ရှုခဲ့ပြီး ဘူတာနှင့် ဘူတာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ဌာနပိုင်မြေအတွင်း ကျူးကျော်နေထိုင်မှု မရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။