Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတက္ကသိုလ်၌ အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတက္ကသိုလ်၌ အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၁

          ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ် များဖြစ်စေရေး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဥပဒေ၏ အခြေခံသည် စည်းကမ်းဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိအမြင်ရရှိစေရေး ပညာပေးမှုနှင့် ထိန်းကျောင်းမှုများကို ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း၊ ဥပဒေပညာရပ်များကို သင်ကြားတတ်မြောက်ပြီးတဲ့အခါမှာလည်း လိုက်နာရမည့် အချက်တွေ ရှောင်ရှားရမည့်အချက်တွေကို သိရှိပြီး စည်ကမ်းရှိစွာနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးသွားရမှာဖြစ်ပြီး ပညာတွေတော်ပြီး ကိုယ်ကျင့်တရားမကောင်းပါက လူတော်လူကောင်းမဖြစ်နိုင်သည်ကို သတိချပ်စေလို ကြောင်း၊ ဥပဒေကို မသိ၍ ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသည့် အဖြစ်မျိုး မဖြစ်စေရေးအတွက် လူတိုင်းဥပဒေ နှင့်စပ်လျည်းသည့် အသိပညာဗဟုသုတရရှိစေရန် လိုအပ်မှာဖြစ်ပြီး အခြေခံအားဖြင့် မိမိတို့နိုင်ငံမှာ ပြဌာန်းကျင့်သုံးနေသည့် ဥပဒေများအနက် သိသင့်သိထိုက်သည့် ဥပဒေတွေရဲ့ အဓိကအရေးကြီးသော သတ်မှတ်ပြဌာန်းချက်များကို မှတ်သားသိရှိစေရေန် ဟောပြောပေးသွားမှာဖြစ်ကာ အထောက်အကူပြု လေ့လာနိုင်စေရေး ဥပဒေအနှစ်ချုပ်စာအုပ်များကို ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ကျောင်းသားလူငယ် များအနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေနိုင်ရေး တရားဥပဒေစိုးမိုးရေးတို့အတွက် ဥပဒေအသိ ရှိသူများ၊ ပညာတတ်သူငယ်များ ပေါ်ထွန်းလာစေရေး ဟောပြောမှုများကို အလေးထားမှတ်သားကြရန်နှင့် “ဥပဒေဘောင်အတွင်းနေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံ နေထိုင်သူများ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထိုနောက် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဦးကျော်နန္ဒနှင့် ဒုတိယ တိုင်းဥပဒေအရာရှိ ဒေါ်မို့မို့ဝင်းရွှေတို့က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှ သိမှတ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေမှ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေမှ သိမှတ်ဖွယ်ရာများနှင့် လောင်းကစားဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းဟောပြောခဲ့ကြသည်။

          အဆိုပါ အခြေခံပညာ / အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေအသိ ပညာပေး ဟောပြောပွဲအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကျောင်းသားလူငယ်များ မိမိ တို့နိုင်ငံ၌ ပြဌာန်းကျင့်သုံးနေသည့် ဥပဒေများကို သိရှိနားလည်ပြီး ရှောင်ရှားသင့်သည့် အလေ့အကျင့်၊ အမူအကျင့်တွေ လိုက်နာဆောင်ရွက်ကြမည့် အချက်တွေကို လူငယ်ဘဝကတည်းက သိရှိပြီး စည်းကမ်း ရှိသည့် လူငယ်လူရွယ်များဖြစ်စေရန် မျှော်မှန်းကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက် ရှိ သက္ကရာဇ်(၈၃၃)ခုနှစ်တွင် ဓမ္မစေတီမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်း သမိုင်းဝင် ရွှေဂူလေးစေတီတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် စက်တင်ဘာလ(၉)ရက်နေ့၊ ညနေပိုင်းက မိုးကြိုးထိမှန်ခဲ့သည့် စေတီတော်ကြီး၏ ကိုယ်လုံးတော်နှင့်စေတီတော်ကြီး၏ လှိုင်ဂူတော်အတွင်း ထိခိုက်မှုများအား လှည့်လည် ကြည်ရှုစစ်ဆေးခဲ့ပြီး ကြံ့ခိုင်မှုရှိစေရန် ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပညာရှင်များနှင့် ပြန်လည် စစ်ဆေး ပြင်ဆင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။