ပဲခူး ဇူလိုင် ၁၈
======================
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ လည်ပတ်နေသည် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် Oxygen Plant စက်အသစ် လည်ပတ်နေမှုအခြေအနေနှင့် နေ့စဉ်အောင်စီဂျင် ထုတ်လုပ်နေမှု အခြေအနေများနှင့် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲဖြစ်သည့် Liquid Oxygen Plant တည်ဆောက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးကောင်စီ တာဝန်ယူ ခဲ့သည့် အချိန်ကစပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား လူမျိုး/ဘာသာ မခွဲခြားဘဲ တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယခု COVID-19 ရောဂါ တတိယလှိုင်း စတင်ခံစား ရသည့် အချိန်ကစပြီး ယနေ့အချိန်ထိ ပဲခူးတိုင်းဒေသကြီးအတွင်း အောက်စီဂျင်ပြတ်လပ်မှုမရှိစေ ရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Oxygen အား ရရှိနိုင်သည့် နည်းလမ်း ပေါင်းစုံဖြင့် သယ်ယူခြင်း၊ ဝယ်ယူခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထပ်မံ၍လည်း Oxygen Plant စက်အသစ်များ မှာယူထားပြီးဖြစ်ကြောင်း၊ ပဲခူးမြို့ ဆေးရုံကြီး၌ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲဖြစ်သော Liquid Oxygen Plant အား အမြန်ဆုံး ပြီးစီးရေးကိုလည်း ပြည်ထောင်စုနှင့်ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် အမြန်ဆုံးအောက်စီဂျင် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက တင်ပြပေးရန်နှင့် လိုအပ်ချက်များကိုလည်း ချက်ခြင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ တွင်း ပြည်သူများ Stay at Home စည်းကမ်းချက်များအား လိုက်နာမှုရှိစေရေး လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး၌ တပ်ဆင်ထားသည့် Atlas Copco Oxygen Plant စက်အသစ်သည် ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ဇူလိုင်လ(၁၅) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဇူလိုင်လ(၁၆)ရက်နေ ညပိုင်းမှစ၍ အောက်စီဂျင် (၄၀) လီတာအိုး(၆၀)ခန့် နေ့စဉ်ထုတ်လုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website



