Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၉

             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးသည် တိုင်းပြည်အတွက် အလွန်အရေးပါပြီး မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတကာ အေးချမ်းလုံခြုံစွာ ပြည်သူများ မဲပေးနိုင်ရေးကိုလည်း ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် မဲဆန္ဒရှင်ပြည်သူတိုင်း မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင်ပါရှိနိုင်ရေး အထူး အလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၏ လုံခြုံရေး၊ မဲရုံလုံခြုံရေးများကိုလည်း ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မဲရုံတည်ဆောက်မည့် နေရာများအား သက်ဆိုင်ရာတာဝန် ရှိသူများက ကြိုတင်မြေပြင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုမဲပေးနိုင်ရေး မြို့နယ်အလိုက် မဲဆန္ဒရှင်ပြည်သူများအားလုံး သိရှိဆောင်ရွက် တတ်စေရေး မဲပေးစက်သရုပ်ပြသခြင်းများ ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပပြုလုပ်မည့် မြို့နယ်များသာမက ဆက်လက်ဆောင်ရွက မည့် အပိုင်းအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးကြိုးစား ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိက မဲစာရင်းမှန်ကန်ရေးနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့သည်။

ယင်းနောက် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ၊ မဲရုံ လျာထားမှုနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုမဲပေးနိုင်ရေး သရုပ်ပြသမှု အခြေအနေ များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက မဲရုံများအလိုက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ပြီးစီးနိုင်ရေး လိုအပ်သည်များအား မြို့နယ်အလိုက် အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။