ပဲခူး ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်းကို အထူး ဦးစားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်လယ်ယာသုံး စက်ကိရိယာများ ထပ်မံတီထွင်ထုတ်လုပ်နိုင်ရေး၊ နည်းပညာနှင့် အရင်းအနှီးမတည်ငွေများ တိုးတက်ရရှိရေး တို့အတွက် ပဲခူးတိုင်းဒေသကြီးလယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းအား ဖွဲ့စည်းပေးနိုင်ရေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ အသေးစား၊ အလတ်စား လယ်ယာသုံးစက်ကိရိယာမှ အကြီးစားလယ်ယာ သုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် စွန့်ဦးတီထွင်လိုစိတ် ပြင်းပြစွာရှိရန်လိုအပ်မှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် အခြားလိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှစပြီး ရိတ်သိမ်းချိန်အထိ တောင်သူတိုင်း လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုနိုင်စေရေးအတွက် ဆက်လက် တီထွင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နှင့် တက်ရောက်လာသည့် လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို က လယ်ယာသုံးစက်ကိရိယာရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့အပေါ် လွယ်ကူလျင်မြန်စွာ ချိတ်ဆက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ခဲ့သည့် လယ်ယာသုံး စက်ကိရိယာများအား တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စုစုပေါင်းငွေကျပ်(၅၇၁၈)သိန်းကျော် ရောင်းချ ခဲ့ရမှုနှင့် မြန်မာနိုင်ငံလယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းနှင့်ချိတ်ဆက်ပေးခဲ့နိုင်မှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍ အလိုက် အသေးစား၊ အလတ်စား လယ်ယာသုံးစက်ကိရိယာများ ဆက်လက်တီထွင်ထုတ်လုပ်နေမှု အခြေ အနေနှင့် သီးခြားလိုအပ်ချက်များအား ပွင့်လင်းစွာဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website