ပြည် ဇွန် ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သာသနိက အဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ သုံးပန်လှကျေးရွာ၌ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် အနီးရောင်အဆင့်သတ်မှတ်ထား သည့် ရှေးဟောင်းသုံးပန်လှ(၂)ထပ် ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးမူလက်ရာမပျက် အလေးထားဆောင်ရွက်ရန်နှင့် တံခါးပေါက်များ၊ လှေခါများအား ခိုင်ခန့် မှုရှိစေရေး သံထောက်တိုင်များ တပ်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မှော်ဇာကျေးရွာ၊ သရေခေတ္တရာပျူမြို့ဟောင်းရှိ ဘောဘောကြီးစေတီနှင့် လေးမျက်နှာ စေတီတို့ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေသနအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ ပြင်ဆင်သွားရန်၊ စေတီအပေါ်မှ မိုးရေများ စိမ့်ဝင်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ စေတီတော်အတွင်းပိုင်းအထိ အက်ကွဲမှု ရှိ/မရှိ သေချာစွာစစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ရွှေတံခါးအပိုင်း(၃)ရပ်ကွက် ရှိ ဦးဇော်မင်းသူ၏ ကြက်ချေး၊ ယူရီးယားနှင့် ပိုတက် ရောစပ်၍ သဘောဝမြေဩဇာတောင့် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာအား ပြည်ပသွင်းကုန် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်သွားရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်သည့်လုပ်ငန်းဖြစ်၍ အားပေးပါကြောင်းနှင့် လိုအပ်သည့် နည်းပညာနှင့် ချေးငွေရရှိရေး တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တို်ငးဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ရွှေဝါထွန်းလယ်ယာထုတ်အလုပ်ရုံ၌ မျိုးစေ့ချ ကိရိယာ ၈ တန်းသွား Drum Seeder ထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံ စိုက်ပျိုးသည့် တို်ငးဒေသကြီးဖြစ်၍ သီးနှံမျိုးစုံ အစေ့ချစိုက်ပျိုးနိုင်ရေး ထပ်မံ စမ်းသစ်တီထွင်ဆောင်ရွက်ရန်၊ မိုးစပါးစိုက်ရာသီအမီ သတ်မှတ်အရည်အတွက်တိုင်း ပြည့်မီအောင် ထုတ်လုပ်သွားရန်၊ ခိုင်ခန့်မှုနှင့် ပေါ့ပါးမှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ အောင်မြရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးလင်းသက်အောင်၏ အအေးခန်းဖြင့် အသားတိုးကြက် ကောင်ရေ(၁၅၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသတွင်းဥစားသုံးမှုဖူလုံစေရေး ဥစားကြက်တိုးချဲ့မွေးမြူရန်နှင့် တိရစ္ဆာန်အစာအား ဒေသ ထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။