ပဲခူး အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရာတွင် ပဲခူးမြို့သူ/သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ ပုံရိပ်ထူးခြား ကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လပြည့်နေ့တွင် လူဦးရေ(၁၅၀၀၀)အား စတုဒီသာ ကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်များ၊ ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်းလှည့်လည်ဖျော်ဖြေခြင်းများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မီးပုံပျံလွှတ်တင်သည့် လေလမ်းကြောင်းအတိုင်း မီးသတ်ယာဉ်အသင့်၊ လူအသင့်ဖြင့် စနစ်တကျ နေရာချထား သွားရန် လိုအပ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ၊ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် အခြားအလှူအတန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ကြောင်း၊ ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် အေးချမ်းလုံခြုံအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် မြို့မိ/မြို့ဖ များက ပဲခူးမြို့ အစဉ်အလာအတိုင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။