ပဲခူး ဒီဇင်ဘာ ၁၉
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် အရေးကြီးသည့်အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့်အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲ ဖန်တီးယူနိုင်မှသာ ဒေသတွင်း MSME လုပ်ငန်းများ အောင်မြင်မှုကို အရောက်လှမ်းနိုင်မှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ရရှိလာသည့် အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ကို မိမိတို့၏ တီထွင်ဖန်တီးမှု နှင့် ပေါင်းစပ်အသုံးချပြီး ဈေးကွက်ဝင်ပစ္စည်းများ ထုတ်လုပ်၍ တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား အခြေခံ၍ ပြည်ပ တင်ပို့နိုင်သည့် အမယ်သစ်ထုတ်ကုန်အား အရည်သွေးကောင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်း ထုတ်လုပ်လာနိုင်သည်အထိ ကြိုးစားလေ့လာသင်ယူစေလိုကြောင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြ များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးက နည်းပညာပံ့ပိုးကူညီမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်က သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းဆိုင်ရာ အသိ ပညာများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ က သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ထုတ်လုပ်ထားသည့် ဝါးအခြေခံ လူသုံးကုန်ပစ္စည်းများနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား /သူ (၂၁၄)ဦးအား (၂)ရက်ကြာ သင်တန်းပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။