ပဲခူး မေ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၆)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအမှတ်စဉ်(၂/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းအပ် ရာသီစတင်နေပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ စာတတ်မြောက်မှုရာခိုင်နှုန်းသည် တန်းစဉ်ကူးပြောင်းတက်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျ သဖြင့် တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်း တိုးတက်စေရေးနှင့် ကျောင်းပြင်ပ ပညာသင်ကြားရေးစနစ်များ တိုးချဲ့ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိုးရာသီဖြစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများအားလုံး မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု(၂၁၁.၂၁)ရာခိုင်နှုန်းရှိသော်လည်း နှမ်းနှင့် နေကြာ သီးနှံအား ပန်းတိုင်အထွက်နှုန်းရရှိစေရေး သီးသန့်စိုက်ဧကများဖော်ဆောင်၍ စိုက်ပျိုးသွားရမှာဖြစ် ကြောင်း၊ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်း၊ အသိပညာ ပေးခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူသွားရမှာဖြစ်ကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းအား အနည်းဆုံး (၁)နှစ်သားရှိသော ကြိုတင်ပျိုးထောင်ပြီးပင်များ တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် စိုက်ပျိုးသွား ရန်၊ လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးခြင်းများအား သတ်မှတ်နည်းလမ်းများအတိုင်း စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသည့်အပင်များအား ရှင်သန်စေရေး ပြုစုထိန်းသိမ်းစောက်ရှောက် သွားရမှာဖြစ်ကြောင်းနှင့် တိုင်း ဒေသကြီးအတွင်း ကဏ္ဍအသီးသီးရှိ စီမံကိန်းရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစားကြစေလို ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုများ၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာ ရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းတံတားနှင့် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးတင်ပြဆွေ နွေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းဆောင် ရွက်မှု တစ်ခုချင်းအလိုက် အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။